ရန်ကုန် (မဇ္ဈိမ)။ ။ တလအတွင်း ကြက်သွန်စျေးနှုန်း ၂ ဆကျော် ထိုးတက်သွားခဲ့ရာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစျေးသို့ ရောက်ရှိသွားသည်။
ပြီးခဲ့သည့်လတွင် ဟိုတယ်စ ခေါ် အကောင်းစား ကြက်သွန်နီစျေးနှုန်းသည် တပိဿာလျှင် ၆၅၀ ကျပ်မှ ယခုအခါ ၁၃၀၀ ကျပ်နှင့် အများသုံး ကြက်သွန်နီအသေးမှာ ကုန်စည်ဒိုင် တပိဿာစျေးနှုန်း ၃၀၀ ကျပ်မှ ၈၀၀ ကျပ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
မေလနှင့် ဇွန်လများအတွင်းက ရန်ကုန်ရှိ ကုန်စည်ဒိုင်များသို့ တနေ့လျှင် ကြက်သွန်နီ ပိဿာချိန် ၅ သောင်းကျော် ပျမ်းမျှ ဝင်ရောက်ခဲ့သော်လည်း ဇူလိုင်လတွင် ပိဿာချိန် ၃ သောင်းကျော်သာ ဝင်ရောက်ခဲ့သည်ဟု မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ပြုစုထားသော စာရင်းဇယားများအရ သိရသည်။
စီးပွားကူးသန်းဝန်ကြီးဌာနက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ကြက်သွန်များ ပြန်လည်တင်သွင်းရန် စီစဉ်နေသည်။
“အရင်နှစ်တွေကတော့ ကိုယ်က ပိုလျှံလို့ ပြည်ပကိုပို့တာ။ ဒီနှစ်တော့ သူတို့ဆီက ပြန်သွင်းရတော့မယ်” ဟု စီးပွားကူးသန်း ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။
၂၀၀၆ ခုနှစ်အတွင်း ကြက်သွန်နီ ပြတ်တောက်မှုကြောင့် တပိဿာလျှင် ကျပ် ၂ ထောင်် ဖြစ်သွားရာမှ စိုက်ပျိုးမှုများပြားလာပြန်ရာ တောင်သူများ အရှုံးပေါ်မှု ဖြစ်ခဲ့သည်။ ထို့နောက် စိုက်ပျိုးမှု ပြန်ကျဆင်းသွားသလို၊ ထိုင်းနိုင်ငံဘက် တင်ပို့မှုနှင့် သိုလှောင်မှုမှာ ယခုအခါ စျေးကွက်အတွင်း ရောက်ရှိမှု လျော့နည်းလာတော့သည်။
၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတွင် ကြက်သွန်နီစိုက်ပျိုးသူများ အရှုံးပေါ်ခဲ့သည်ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြက်သွန်ပွဲရုံတခုက ပြောသည်။
သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင် သီးနှံစိုက်ပျိုး၊ ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ မီဒီယာများမှတဆင့် “ကြက်သွန် သိုလှောင်သူများ ဆုံးရှုံုးနိုင်”၊ “ကြက်သွန်နီစျေး ပြန်လည် ကျဆင်းတော့မည်” ဟု ပြောကြသည်။
“အခုတော့ အိမ်မှာ ဟင်းချက်ရင် ကြက်သွန်လျှော့ချက်တယ်” ဟု တာမွေမြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။
မြန်မာတနိုင်ငံလုံး၏ ကြက်သွန်နီစားသုံးမှုမှာ တလလျှင် ပိဿာချိန် သိန်း ၅၀ ကျော်ရှိပြီး၊ ရန်ကုန်မြို့၏ ကြက်သွန်နီ စားသုံးမှုမှာ တလလျှင် ပိဿာချိန် ၁၀ သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြသည်။
ကြက်သွန် စိုက်ပျိုး ထုတ်လုပ်သူများ၏ တပိဿာ ကုန်ကျစားရိတ်မှာ ကျပ် ၁၅၀ မှ ကျပ် ၂၀၀ ကြားရှိသည်ဟု တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
Published
Wednesday, July 29, 2009 - 21:48
ကြက်သွန်နီစျေး မိုးပေါ်ထောင်တက်၊ ပြည်ပမှ ပြန်လည် တင်သွင်းမည်
တလအတွင်း ကြက်သွန်စျေးနှုန်း ၂ ဆကျော် ထိုးတက်သွားခဲ့ရာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစျေးသို့ ရောက်ရှိသွားသည်။ ပြီးခဲ့သည့်လတွင် ဟိုတယ်စ ခေါ် အကောင်းစား ကြက်သွန်နီစျေးနှုန်းသည် တပိဿာလျှင် ၆၅၀ ကျပ် ...