ရထားလမ်း ဖေါက်လုပ်ရာတွင် ဒေသခံ အာဏာပိုင်များက ခေါင်းပုံဖြတ်

ရထားလမ်း ဖေါက်လုပ်ရာတွင် ဒေသခံ အာဏာပိုင်များက ခေါင်းပုံဖြတ်
by -
မင်းဆက်ခိုင်
စစ်တွေနှင့် အမ်းအကြား ရထားလမ်း ဖေါက်လုပ် နေရာတွင် ဒေသ အာဏာပိုင်များမှ ပြည်သူများ၏ ချွေးနဲစာ အပေါ် ခေါင်းပုံဖြတ် သွေးစုတ်မူများ ပြုလုပ်နေသည်ဟု အမည်မဖေါ် လိုသူ သစ်ကန်ထရိုက်ရထားသူ တဦးက ပြော ...

 
(နိရဥ္စရာ) စစ်တွေနှင့် အမ်းအကြား ရထားလမ်း ဖေါက်လုပ် နေရာတွင် ဒေသ အာဏာပိုင်များမှ ပြည်သူများ၏ ချွေးနဲစာ အပေါ် ခေါင်းပုံဖြတ် သွေးစုတ်မူများ ပြုလုပ်နေသည်ဟု အမည်မဖေါ် လိုသူ သစ်ကန်ထရိုက်ရထားသူ တဦးက ပြောသည်။
 
သူက "အစိုးပေးတဲ့စျေးက ဇလီဖားတုံး တတန်ကို ၁၈ဝဝဝဝ ကျပ် ပေးပါတယ်။ ဒါကို အာဏာပိုင်တွေက ကျွန်တော်တို့ကို ငွေထုတ် ပေးတဲ့အခါ ၁၅ဝဝဝဝ ကျပ်ဘဲ ပေးပါတယ်။ ငွေသုံးသောင်းကို သူတို့က အမျိုးမျိုး ရံပုံငွေတွေ ပြပြီး ဖြတ်ယူထား လိုက်ပါတယ်။" ဟု ပြောသည်။
 
အဆိုပါ ငွေများကို သစ်ကန်ထရိုက် ရထားသူများ အနေဖြင့် စစ်တွေ ခယက ရုံးမှ ထုတ်ယူရပြီး ရရှိငွေမှာ ၁၅ဝဝဝဝ ကျပ်ဖြစ်သော်လည်း ငွေဖြတ်ပိုင်းတွင် ရရှိငွေကို ၁၈ဝဝဝဝ ကျပ်ဟု လက်မှတ် ရေးထိုး ထုတ်ယူကြရသည်။
 
သူက "ငွေထုတ်ဖို့အတွက် စစ်တွေ ခယက ရုံးကို သွားရပါတယ်။ ကျပ်ငွေ သုံသောင််းကို ခယက၊ ဒကစ၊ နောက်တခြား အဖွဲ့အစည်းတွေ အတွက် ဆိုပြီး ဖြတ်ယူထားလိုက် ပါတယ်။" ဟု ပြောသည်။
 
ယခုကဲ့သို့ သစ်သမားများထံမှ တခုတည်း ရံပုံငွေ အတွက်ဟု ဆိုကာ ငွေဖြတ်တောက်သည် မဟုတ်ဘဲ လမ်းခင်း ကျောက်တင်သွင်း သူများထံမှလည်း ဖြတ်တောက်သည်ဟု သိရသည်။
 
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တင်သွင်းသူ ကန်ထရိုက် တဦးအား ဆက်သွယ် မေးမြန်းရာ သူက "ကျနော်တို့ကို အစိုးရက ကျောက်တကျင်းကို ၃၆၀၀၀ ကျပ်နုန်းနဲ့ ပေးပါတယ်။ အစိုးရက ခုလို သတ်မှတ် ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သက်ဆိုင်ရာ ခယက၊ ဒကစနဲ့ တခြားရံပုံငွေဆိုပြီး ကျောက်တကျင်းက ၁၄ဝဝဝ ကျပ် ဖြတ်ထားလိုက်ပါတယ်။ ကျနော်တို့ ကျောက်တကျင်းကို ရတာက ၂၂၀၀၀ ကျပ်ဘဲ ရပါတယ်" ဟု ပြောသည်။
 
ကျောက်သမားများ အနေဖြင့်လည်း ရရှိငွေမှာ ၂၂၀၀၀ ကျပ် ဖြစ်သော်လည်း ငွေလက်ခံ ဖြတ်ပိုင်းစာရွက်တွင် ကျပ် ၃၆၀၀၀ ရရှိကြောင်း လက်မှတ်ထိုးရသည်ဟု သူက ပြောသည်။
 
ဇလီဖားတုံးများနှင့် ကျောက်တင်သွင်းသူများမှာ အဆိုပါ ပစ္စည်းများကို ဝေးလံသော ဒေသများမှ စက်လှေများနှင့် လောင်းသဗ္ဗာန်များကို အသုံးပြုပြီး သယ်ယူလာကြရပြီး အမြတ်ငွေလည်း များများ မရရှိကြောင်း သိရသည်။
 
အဆိုပါ ကျောက်ကန်ထရိုက်ရထားသူက "အမြတ်က သိပ်ရှိတာတော့ မဟုတ်ပါဘူး။ အလုပ်မရှိတော့လည်း နည်းနည်းလေး ရရင်လည်း ရတာဘဲ ဆိုပြီး လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ လမ်းခရီး တလျောက်မှာလည်း ဂိတ်တွေက အများကြီးဆိုတော့ ဟိုနည်းနည်း ဒီနည်းနည်း ပေးကြရတာပါဘဲ" ဟု ပြောသည်။
 
ယခုကဲ့သို့ ဒေသဆိုင်ရာ အာဏာပိုင်များမှ ရထားလမ်း အတွက် ကျောက်နှင့် ဇလီဖားတုံးများ သွင်းသူများထံမှ ငွေကြေးများ ဖြတ်တောက်ယူနေသည်ကို ဒေသခံများက နေပြည်တော်မှ ထိပ်တန်း အစိုးရ အရာရှိကြီးများကို တိုင်ကြားရန် စီစဉ်နေကြသည်ဟုလည်း သိရသည်။
 
ရခိုင်ပြည်နယ်အတွင်း စစ်တွေနှင့် အမ်းအကြား ရထားလမ်းကို စစ်အစိုးရမှ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင် ဖေါက်လုပ်နေသည်။

Most read this week