စက်ရုံ အလုပ်ရုံများ မရှိခြင်းက ရခိုင်လူငယ်များကို နေရပ်ရင်း စွန့်ခွာရန် တွန်းအားပေးသလို ဖြစ်နေ

စက်ရုံ အလုပ်ရုံများ မရှိခြင်းက ရခိုင်လူငယ်များကို နေရပ်ရင်း စွန့်ခွာရန် တွန်းအားပေးသလို ဖြစ်နေ
ထိုင်းနှင့့် မလေးရှားနိုင်ငံများတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်သူများ အနေဖြင့် အလုပ်အကိုင် မရှိ၍ အခက်အခဲ ဖြစ်နေကြချိန်တွင် ရခိုင်ပြည်နယ်မှ လူငယ်များမှာ အလုပ်အကိုင် ရှားပါးမူကြောင့် နေရပ်ရင်းကို စွန့်ခွာပြီး ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ ဆက်လက် ထွက်ခွာ ...

ထိုင်းနှင့့် မလေးရှားနိုင်ငံများတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်သူများ အနေဖြင့် အလုပ်အကိုင် မရှိ၍ အခက်အခဲ ဖြစ်နေကြချိန်တွင် ရခိုင်ပြည်နယ်မှ လူငယ်များမှာ အလုပ်အကိုင် ရှားပါးမူကြောင့် နေရပ်ရင်းကို စွန့်ခွာပြီး ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ ဆက်လက် ထွက်ခွာနေကြသည်။
 
အမည် မဖေါ်လိုသူ ဦးဇင်း တပါးက “ခု ရန်ကုန် ဗဟန်းမြို့နယ်မှာ ရှိတဲ့ ဓညဝတီ ဘုန်းတော်ကြီးကျောင်းကို အလုပ်အကိုင်ရှာဖွေတဲ့ ရခိုင်ကလာတဲ့ လူငယ် တနေ့ တနေ့ကို အယောက် ၁၀ ကနေ ၂၀ ထိ ရောက်ရှိ လာပါတယ်။ တခါတခါ ကလေးတွေရော မိန်းမတွေရော ပါလာပါတယ်။ ရခိုင်မှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ခုလို အလုပ်အကိုင် ရှာဖွေဖို့ ရန်ကုန်ကို တက်လာကြတာ ဖြစ်ပါတယ်။” ဟု ပြောသည်။
 
ရခိုင်မှ အလုပ်လာရှာသော လူငယ်များ အနေဖြင့် ရန်ကုန်တွင် အလုပ်ဆင်ပြေလျှင် ရန်ကုန်တွင် နေထိုင်ကြသော်လည်း အဆင်မပြေလျှင် တနင်္သာရီတိုင်း ကော့သောင်နှင့် ကရင်ပြည်နယ် မြဝတီသို့ ထွက်ခွာပြီး ထိုမှ တဆင့် ထိုင်းနှင့် မလေးရှားသို့ ထွက်ခွာကြသည်။
 
ကော့သောင်မြို့ အောင်ဓမ္မရိပ်သာကျောင်းမှ ဦးဇင်းတပါးကလည်း “အလုပ်အကိုင် အဆင်မပြေတဲ့အတွက် မလေးရှားနဲ့ ထိုင်းက ပြန်လာတဲ့ ရခိုင်တွေ အများကြီးဘဲ။ ဒါပေမယ့် ထိုင်းနဲ့ မလေးရှားကို ကော့သောင်ကနေ ဆက်ပြီး ထွက်ခွာသွားလာနေကြတဲ့ ရခိုင်တွေလည်း အများကြီး ပါဘဲ” ဟု ပြောသည်။
 
ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးမူကြောင့် နေရပ်ရင်းကို စွန့်ခွာ ထွက်သွားကြသဖြင့် တချို့ကျေးရွာများတွင် ယောင်္ကျား လုံးဝမရှိ ဖြစ်သွားကာ အသုဘကို မိန်းမများကိုယ်တိုင် သွားရောက် သဂြိင်္ုလ်ရသည်ဟု သိရသည်။
 
စစ်တွေ အိုးတန်းရပ်ကွက်မှ ရခိုင်နိုင်ငံရေးသမား ဦးသာကျော်အောင်မှ “ခုလို ရခိုင်လူငယ်တွေ နေရပ်ရင်းကို စွန့်ခွာပြီး ထိုင်း မလေးရှား အပါအဝင် ကချင်ပြည်နယ် ဖါးကန့် ဒေသတွေကို ထွက်ခွာ သွားရတာဟာ အုပ်ချုပ်တဲ့ ဗမာ အစိုးရတွေနဲ့ တိုက်ရိုက် သက်ဆိုင် နေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတာ နှစ်ပေါင်း (၆၁) နှစ်ရှိသွားပါပြီ။ ရခိုင်ပြည်နယ်မှာ စက်ရုံ အလုပ်ရုံဆိုလို့ ဘာမှ တည်ဆောက်ပေးတာ မရှိသေးဘူး။ အင်္ဂလိပ်ခေတ်ကတည်းက ရှိနေတဲ့ ဆန် ၁၀၀ ကျ ဆန်စက်တွေလည်း အကုန်လုံး ရပ်တန့်ထားရတယ်။ အလုပ်ရုံ စက်ရုံတွေ မရှိတော့ ခုလို ခေတ်ကာလမျိုးမှာ လူငယ်တွေ ရခိုင်ပြည်နယ်ကို စွန့်ခွာပြီး အပြင်ကို ထွက်သွားခဲ့ကြရတာ ဖြစ်ပါတယ်။ ခုလို စွန့်ခွာ ထွက်သွားကြတာကိုလည်း လက်ရှိ နအဖ စစ်အစိုးရက သဘောကျပါတယ်” ဟု သူက ပြောသည်။
 
မဆလ ခေတ်က ဘီလင်းမြို့မှ ဟောင်းနွမ်းနေသော သကြားစက်အို တလုံးကို ကျောက်တော်မြို့သို့ ပြောင်းရွှေ့ပြီး ရခိုင်ပြည်နယ် တိုးတက်ရေး အတွက်ဟု ဆိုကာ ကြံမစိုက်ပျိုးသော ရခိုင်ပြည်နယ်တွင် တည်ဆောက်ပေးခဲ့သည်။ အဆိုပါ သကြားစက်မှာလည်း တနှစ်တွင် တလသာ လည်ပတ်နိုင်ပြီး ကျန်ချိန်များတွင် ပိတ်ထားရသည်ဟုသိ်ရသည်။
 
ရခိုင်ပြည်နယ်တွင် ယခုအခါ နအဖ စစ်အစိုးရမှ စစ်တပ် တပ်ရင်း ၆၀ ကျော်ကို တပ်စွဲထားပြီး လယ်မြေဧက မြှောက်မြားစွာကို သိမ်းယူထားသဖြင့် ရခိုင်တောင်သူလယ်သမား အများအပြားမှာလည်း လယ်မဲ့ယာမဲ့ ဖြစ်နေကြရသည်။
 
ထိုကဲ့သို့ လယ်မဲ့ ယာမဲ့ အလုပ်အကိုင်မဲ့ သူများ တနေ့ တခြား တိုးပွားလာနေသဖြင့် ရခိုင်မှ ပြည်ပနိုင်ငံများသို့ အလုပ်အကိုင် သွားရောက် ရှာဖွေမူနုန်းထားမှာ မြင်မားနေရခြင်း ဖြစ်သည်ဟု သိရသည်။