ဓါတ်မြေသြဇာများ စျေးကျသော်လည်း ရခိုင် လယ်သမားများ မဝယ်ယူနိုင်

ဓါတ်မြေသြဇာများ စျေးကျသော်လည်း ရခိုင် လယ်သမားများ မဝယ်ယူနိုင်
ရခိုင်ပြည်နယ်တွင် ယခုနှစ် စပါးစိုက် ရာသီအတွင်း ဓါတ်မြေသြဇာ စျေးများ ကျနေသော်လည်း ရခိုင်တောင်သူ လယ်သမားများ အနေဖြင့် လက်ထဲတွင် ငွေမရှိသဖြင့် အလုံအလောက် ၀ယ်ယူသုံးစွဲနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သတင်းရရှိ ...

 
ရခိုင်ပြည်နယ်တွင် ယခုနှစ် စပါးစိုက် ရာသီအတွင်း ဓါတ်မြေသြဇာ စျေးများ ကျနေသော်လည်း ရခိုင်တောင်သူ လယ်သမားများ အနေဖြင့် လက်ထဲတွင် ငွေမရှိသဖြင့် အလုံအလောက် ၀ယ်ယူသုံးစွဲနိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
 
ပေါက်တောမြို့နယ်မှ လယ်သမား တဦးက “ဓါတ်မြေသြဇာစျေးက ကျန်နေတာမှန်ပါတယ်။ လယ်သမားတွေ လက်ထဲမှာ ငွေမရှိတော့ လိုအပ်တဲ့ ဓါတ်မြေသြဇာကို အလုံအလောက် သုံးစွဲဖို့ကျတော့ အခက်အခဲဖြစ်နေကြရပါတယ်” ဟု ပြောသည်။
 
လွန်ခဲ့သောနှစ်က စပါးစျေး အဆမတန် ကျဆင်းခဲ့သဖြင့် ပေါက်တောမြို့နယ်မှ လယ်သမားများ အပါအဝင် ရခိုင်ပြည်နယ်မှ လယ်သမားများလက်ထဲတွင် ငွေမရှိဘဲ ဖြစ်နေကြသည်။
 
ယခုနှစ်တွင် တရုတ်မှ ထုတ်လုပ်သော ဓါတ်မြေသြဇာများ အကြီးအကျယ် ၀င်ရောက် နေသဖြင့် ဓါတ်မြေသြဇာစျေးမှာ ခါတိုင်းနှစ်များထက် ကျဆင်းနေခြင်း ဖြစ်သည်။
 
စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာမှ လယ်သမား တဦးက “ဒီနှစ်မှာ တရုတ်က ၀င်လာတဲ့ သံကွင််းအမျိုးအစားက မြေဆီ (အမဲ) တအိတ်ကို ၂၂၇၀၀ ကျပ် နဲ့ ၂၃၀၀၀ ကျပ် အကြားမှာ ရှိပါတယ်။ ဟိုနှစ်က ကျွန်တော်တို့ အဲဒီ မြေဆီ အမျိုးအစား တအိတ်ကို ကျပ် ၃၈၀၀၀ ကနေ ၄၅၀၀၀ ထိပေးခဲ့ရပါတယ်။ ဒါပေမယ့် ၀ယ်ယူသုံးစွဲဖို့ကျတော့ ပိုက်ဆံက တအားရှားနေတော့ လယ်သမားတွေ မဝယ်နိုင်ဘဲ ဖြစ်နေကြရပါတယ်” ဟု ပြောသည်။
 
တခြား ယူရီးယား အမျိုးအစား ဓါတ်မြေသြဇာမှာလည်း အလွန်စျေးကျနေပြီး တအိတ်ကို ၂၂၄၀၀ ကျပ် နှင့် ၂၂၅၀၀ အကြားသာ ရှိသည်။ လွန်ခဲ့သောနှစ်က ယူရီး (အဖြူ) အမျိုးအစား တအိတ်မှာ ၃၄၀၀၀ ကျပ် စျေးရှိခဲ့သည်။
 
လယ်သမား သတင်းရပ်ကွက်အရ ယခင်နှစ်က ဓါတ်မြေသြဇာ စျေးကြီး၍ လယ်သမားများ အနေဖြင့် ဓါတ်မြေသြဇာများကို အလုံအလောက် မသုံးစွဲနိုင်ခဲ့သကဲ့သို့ ယခုနှစ်တွင် ဓါတ်မြေသြဇာ စျေးကျသော်လည်း ၀ယ်ယူရန် ငွေမရှိသဖြင့် အလုံအလောက် ၀ယ်ယူသုံးစွဲနိုင်ခြင်း မရှိကြောင်း သိရသည်။
 
စစ်အစိုးရမှ ယခုနှစ်တွင် မြန်မာ့ စိုက်ပျိုးရေး ဘဏ်မှ တဆင့် ရခိုင် တောင်သူ လယ်သမား များထံသိို့ ငွေသိန်းပေါင်း ၂၀၀၀ ထုတ်ချေးခဲ့သော်လည်း မောင်တောမြို့နယ်တွင် အဆိုပါ ငွေများကို လယ်သမားများကို ထုတ်မချေးဘဲ ဗမာပြည်မှ ပြောင်းရွှေ့လာသူ နတလ စံပြကျေးရွာသားများကို ထုတ်ချေးခဲ့သည်။
 
တခြား ရခိုင်ပြည်နယ်မှ မြို့နယ်များတွင်လည်း လယ်သမားများသို့ ထုတ်ချေးခဲ့သော ငွေများမှာ နာမည်သာ ဖြစ်ပြီး စိုက်ပျိုးရေး ဘဏ်အပါအဝင် ခရိုင်၊ မြို့နယ်နှင့် ကျေးရွာ အဆင့်ဆင့်မှ အမျိုးမျိုး ရံပုံငွေများကို အကြောင်းပြပြီး ချေးငွေများကို ဖြတ်တောက်ခဲ့သဖြင့် လယ်သမားများမှာ ထုတ်ချေးငွေများကို အလုံအလောက် မရရှိခဲ့ကြောင်း သိရသည်။

Most read this week