နယူးဒေလီ။ ။ အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးသို့ သောကြာနေ့တွင် တင်သွင်းရမည့် နောက်ဆုံး လျှောက်လဲချက် မူကြမ်းအား သူမ၏ ရှေ့နေများနှင့် ဆွေးနွေးရန်ရှိသည်ကို မြန်မာစစ်အစိုးရက တွေ့ဆုံခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ပယ်ချလိုက်သည်။
''ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဘို့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံချက်ကို ပယ်ချလိုက်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီနေ့ မတွေ့ခဲ့ရပါဘူး'' ဟု အဆိုပါ ရှေ့နေအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ဇူလိုင်လ ၂၄ ရက်နေ့တွင် တင်သွင်းရမည့် နောက်ဆုံးလျှောက်လဲချက် မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် သူတို့ရှေ့နေအဖွဲ့က ရည်မှန်းထားဆဲဖြစ်ကြောင်းဖြင့် သူက ဆက်ပြောသည်။
''ကျနော်တို့ မနက်ဖြန် တွေ့ခွင့် ရ၊ မရဆိုတာ မသေချာသေးပါဘူး'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံး လျှောက်လဲချက်ကိုမူ တင်သွင်းသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။
''ဒါပေမဲ့ ကျနော်တို့ရဲ့ အမှုသည်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးရခြင်း မပြုသေးတဲ့၊ သူ (ဒေါ်အောင်ဆန်းစုကြည်) က သဘောမတူတဲ့ လျှောက်လဲချက်ပဲ ဖြစ်တော့မှာပေါ့'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။
သောကြာနေ့တွင် နောက်ဆုံးလျှောက်လဲချက် ပြီးလျှင် မေလအစောပိုင်းက သူမ၏ နေအိမ်တွင် အမေရိကန်လူမျိုးတဦးကို လက်ခံထားခဲ့ကာ အကျယ်ချုပ်စည်းကမ်း ချိုးဖောက်သည်ဟူသော စွဲချက်ဖြင့် စွဲဆိုခံနေရသော ဤအမှုကို တရားရုံးက စီရင်ချက်ချမည်ဟု မျှော်လင့်ရသည်။
အကဲခတ်များနှင့် ဝေဖန်သူများကမူ ယခုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ်ချမှတ်၍ ဆက်လက်ချုပ်နှောင်ထားရေးအတွက် ရမယ်ရှာ စွဲဆိုခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။ သို့မှသာ နောက်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ဘဲ ရှိမည်ဖြစ်သည်ဟု ဆိုသည်။
ထိုအတောအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် ဆွေးနွေးဘက်နိုင်ငံများမှ ခေါင်းဆောင်များက ဒေသတွင်း လုံခြံုရေးကွန်ဖရင့်တခုကို ကျင်းပရန်ရှိသည်။ ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံသည် ဝေဖန်စရာ ဖြစ်နေသည်။
အဆိုပါ ကွန်ဖရင့်ကျင်းပရာ ထိုင်းနိုင်ငံ အပန်းဖြေကမ်းခြေ မြို့ဖြစ်သော ဖူးခက်မြို့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်သည် ဗုဒ္ဓဟူးနေ့က လေယဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်တရားစွဲဆိုနေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို လွှတ်မပေးပါက စစ်အစိုးရက ကျင်းပရန် ပြင်ဆင်ထားသော ရွေးကောက်ပွဲများသည် ယုံကြည်ကိုးစားလောက်သည်ဟု ယူဆနိုင်မည် မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။
(မြင့်မောင် သတင်းပေးပို့သည် )
Published
Wednesday, July 22, 2009 - 22:19
ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေများနှင့် တွေ့ခွင့်မရ
အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးသို့ သောကြာနေ့တွင် တင်သွင်းရမည့် နောက်ဆုံး လျှောက်လဲချက် မူကြမ်းအား သူမ၏ ရှေ့နေများနှင့် ဆွေးနွေးရန်ရှိသည်ကို မြန်မာစစ်အစိုးရက တွေ့ဆုံခွင့်မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ပယ်ချ ...