အိန္ဒိယက မြန်မာနိုင်ငံကို ဘာကြောင့် ရှုတ်ချသင့်သလဲ

အိန္ဒိယက မြန်မာနိုင်ငံကို ဘာကြောင့် ရှုတ်ချသင့်သလဲ
by -
မုံပီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေသည့် ကိစ္စအပေါ် တကမ္ဘာလုံးက ဝိုင်းဝန်းဝေဖန် ပြစ်တင်နေကြချိန်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးလည်းဖြစ် ...

နယူးဒေလီ (မဇ္ဈိမ)။     ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေသည့် ကိစ္စအပေါ် တကမ္ဘာလုံးက ဝိုင်းဝန်းဝေဖန် ပြစ်တင်နေကြချိန်တွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးလည်းဖြစ်သော အိန္ဒိယနိုင်ငံက ရေငုံနှုတ်ပိတ် နေသည်ဟု ဆိုလျှင် အံ့သြစရာတော့ မရှိပါ။
 
အိန္ဒိယက ထိုသို့ နှုတ်ပိတ်နေခြင်းဖြင့်၊ မြန်မာစစ်အစိုးရ ခေါင်းဆောင်များကို ကတိများ ထပ်တလဲလဲပေးနေခြင်းဖြင့် စီးပွားရေးနှင့် ကုန်သွယ်မှု အခွင့်အလမ်းများ ပိုမိုရရှိလာသည်။ နယ်စပ်တလျှောက် လုံခြံုရေးနှင့် အရှေ့တောင်အာရှတွင် ခြေချခွင့် ပိုမိုရရှိလာသည်။
 
၁၉၉ဝ စုနှစ်များ အစောပိုင်းကတည်းက စတင်ခဲ့သော နှစ်နိုင်ငံ အကျိုးတူဆက်ဆံရေးမှာ မအောင်မြင်ကြောင်း ပြသခဲ့ပြီးဖြစ်သည်ဟု ဝေဖန်သူများက ပြောဆိုနေလင့်ကစား အိန္ဒိယအစိုးရကမူ ဤသို့မထင်ပါ။ အလွန်ကြီးမားသော ဓာတ်ငွေ့သိုက်ကြီးကို တူးဖော်ခွင့် ရရှိထားသည်၊ သတ္တုတူးဖော်ခွင့်နှင့် ဆိပ်ကမ်းတည်ဆောက်ခွင့်များ ရရှိထားသည်ဟု သူတို့က ဆိုလိမ့်မည်။
 
ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး စတင် အဆင်ပြေလာကတည်းက ကုန်သွယ်မှုမှာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ နောက်နှစ်အတွက် အကျိုးတူ ကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ရှိရန် လျာထားသည်။
 
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အကျိုးတူကုန်သွယ်မှုပမာဏမှာ ယခင်ကတနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ သာ ရှိခဲ့ရာမှ ၂၀၀၇-၀၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၀၁ ဒဿမ ၃ သန်းသို့ တိုးတက်လာခဲ့သည်။ ဤကိန်းဂဏန်းတွင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန်တန်ဖိုးမှာ ရ၂၇ ဒဿမ ၈၅ သန်းဖိုး ရှိသည်။
 
သို့သော် ဤတိုးတက်မှုများသည် တန်ဖိုးတခုပေးပြီးမှ ရရှိလာခဲ့ခြင်းသာ ဖြစ်သည်။ နိုင်ငံတကာစင်မြင့်တွင် မြန်မာ့နိုင်ငံရေး တိုးတက်ဖြစ်ပေါ်မှုများနှင့် စပ်လျဉ်း၍ ရေငုံနှုတ်ပိတ်နေရသည်။ နိုင်ငံတကာနယ်ပယ်တွင် မြန်မာစစ်အစိုးရကို တွက်ချက်ချိန်ဆ ထောက်ခံမှုများ လုပ်ရသည်။
 
၂၀၀၆ ခုနှစ် မတ်လအတွင်းက သွားရောက်ခဲ့သော ယခင် အိန္ဒိယနိုင်ငံ သမ္မတကြီး အဗ္ဗဒူ ကာလမ် (APJ Abdul Kalam) က မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကမ္ဘာ့ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ ကုလလူ့အခွင့်အရေး ကော်မရှင် အပါအဝင် နိုင်ငံတကာစင်မြင့်တွင် စစ်အစိုးရကို ထောက်ခံသွားပါမည့်အကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ရသည်။
 
မဇ္ဈိမက ရရှိထားသော ပြင်ပသို့ပေါက်ကြားလာသည့် နှစ်နိုင်ငံအကြီးအကဲများ၏ အစည်းအဝေး မှတ်တမ်းအရ မစ္စတာ ကာလမ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုများကို အိန္ဒိယနိုင်ငံက မေးခွန်းထုတ်လိမ့်မည် မဟုတ်ကြောင်းနှင့် စစ်အစိုးရ၏ ဒီမိုကရေစီသို့ သွားရာလမ်းပြမြေပုံ ရ ချက်ကို အိန္ဒိယနိုင်ငံက ထောက်ခံပါကြောင်း ကတိပြုပြောကြားခဲ့သည်။
 
ဤသို့ အိန္ဒိယနိုင်ငံက ကတိပြုသည်ကို တုံ့ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း မြန််မာ့မြေပေါ်ရှိ အိန္ဒိယနိုင်ငံမှ သောင်းကျန်းသူများကို မောင်းထုတ်ပေးမည့်အကြောင်း ကတိပေးခဲ့သည်။ ထို့ပြင် အိန္ဒိယ-မြန်မာ နယ်စပ်မြို့ တမူးနှင့် ကလေးဝသို့ ကားလမ်းဖောက်လုပ်ရေးကိုလည်း ခွင့်ြ့ပုခဲ့သည်။
 
သို့သော် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တခုဖြစ်သော မီဇိုရမ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်၌ တီးတိန်၊ ဖလမ်း၊ ရိဒ်ရေကန်တို့ကို ဆက်သွယ်သည့် ကားလမ်းဖောက်လုပ်ရာတွင် ထပ်မံအကူအညီပေးပါရန်လည်း ဗိုလ်ချုပ်မှူးကြီးက အိန္ဒိယနိုင်ငံကို ထပ်မံတောင်းဆိုခဲ့သည်။
 
နယ်စပ်တလျှောက် သောင်းကျန်းသူများကို ရင်ဆိုင်တိုက်ခိုက်ရာတွင် လိုအပ်သည့် ကားလမ်းများ ဖောက်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံ၏ အကူအညီကို လိုအပ်ကြောင်း၊ ဘူဒိုဇာများ၊ အကြီးစား မော်တော်ယာဉ်များ ထောက်ပံ့ပေးပါရန်လည်း တောင်းဆိုခဲ့သည်။
 
သို့သော် ဗိုလ်ချုပ်မှူးကြီးက ဤသို့ ပြောဆိုနေသော်လည်း အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် သတင်းရပ်ကွက််များ၏ အဆိုအရ အိန္ဒိယနိုင်ငံမှ သောင်းကျန်းသူများ၊ အထူးသဖြင့် မဏိပူ သူပုန်များသည် မြန်မာစစ်တပ်မှ အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းကာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်း၌ ခိုလှုံနေထိုင်လျက်ရှိကြောင်းနှင့် အချို့ အဆင့်မြင့် အရာရှိအနည်းငယ်ဆိုလျှင် အိမ်များပင် ပိုင်ဆိုင်ထားကြပြီဖြစ်ကြောင်း ပြောသည်။
 
အဆိုပါ အစည်းအဝေးအတွင်း နှစ်နိုင်ငံအကြီးအကဲများက နှစ်နိုင်ငံ အကျိုးတူစီမံကိန်းများ ဖြစ်ကြသော ကုလားတန် ဘက်စုံစီမံကိန်း၏ အစိတ်အပိုင်းတရပ်ဖြစ်သော ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း တိုးတက်ဖွံ့ဖြိုးရေး၊ မြန်မာနိုင်ငံ အနောက်မြောက်ဘက် စစ်ကိုင်းတိုင်းအတွင်း ထမံသီ ရေအားလျှပ်စစ်စီမံကိန်းတို့ကို ဆက်လက်ဆောင်ရွက်ရေးကို သဘောတူညီခဲ့ကြသည်။ ထမံသီစီမံကိန်းမှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွင်း ဆောင်ရွက်မည့် နီကယ်နှင့် ကြေးနီ တူးဖော်ရေးလုပ်ငန်း စီမံကိန်းများသို့ လျှပ်စစ်ဓာတ်အား ပေးပို့မည်ဖြစ်သည်။
 
အိန္ဒိယနိုင်ငံက သူ့စစ်အစိုးရကို ထောက်ခံသွားရန် ကတိပြုသည်ကို တုံ့ပြန်သည့်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ရခိုင်ကမ်းရိုးတန်း အနောက်ပိုင်းရှိ မြန်မာ့ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ၌ ဓာတ်ငွေ့ထုတ်လုပ်ခွင့်နှင့် တင်သွင်းခွင့် ပေးရန်လည်း မစ္စတာကာလမ်ကို ပြန်လည် ကတိပြုခဲ့သည်။
 
အစောပိုင်းတွင် မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ရောင်းချရန် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးခဲ့သော်လည်း၊ မြန်မာနိုင်ငံသည် နောက်ထပ် ဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိရန် အလားအလာများ ရှိနေသဖြင့် အိန္ဒိယနိုင်ငံအနေဖြင့်လည်း အလားတူ ကန်ထရိုက်စာချုပ်တရပ်ကို ရရှိနိုင်သေးကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားခဲ့သည်။
 
''မြန်မာနိုင်ငံဟာ အလွန်ကြီးမားတဲ့ သဘာဝဓာတ်ငွေ့သိုက် ရှိတာကြောင့် တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးကို ဓာတ်ငွေ့များ ရောင်းချပေးသွားနိုင်သည့် အခြေအနေ ရှိပါကြောင်း'' ဟု မြန်မာစစ်ခေါင်းဆောင်က မစ္စတာကာလမ်ကို ပြောကြားခဲ့သည်။
 
မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့အနီးတွင် သတင်းနှင့်ဆက်သွယ်ရေးနည်း ပညာဥယျာဉ် (ICT Park) တခု တည်ဆောက်နိုင်ရေးအတွက်လည်း ကူညီပါရန် သူက အိန္ဒိယကုမ္ပဏီများကို အကူအညီတောင်းခံခဲ့သည်။
 
ဤသဘောတူညီချက်များ အားလုံးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကန်ထရိုက်စာချုပ် ချုပ်ဆိုခြင်းများ၊ နားလည်မှု စာချွန်လွှာလက်မှတ် ရေးထိုးခြင်းများကို နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ၊ သံတမန်ဆွေးနွေးပွဲများ ကြိမ်ဖန်များစွာ ပြုလုပ်ပြီးနောက် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။
 
အိန္ဒိယနိုင်ငံ၏ `အရှေ့မျှော်မူဝါဒ´ နှင့်အညီ အဆိုပါ စီမံကိန်းအားလုံးကို မြန်မာ့မြေပေါ်တွင် ပြုလုပ်ဆောင်ရွက်မည်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံက လိုအပ်သည့် နည်းပညာနှင့် ဘဏ္ဍာရေး အထောက်အပံ့တို့ကို ပေးအပ်သွားမည်ဖြစ်သည်။
 
ကုလားတန် ဘက်စုံစီမံကိန်းတွင် စုစုပေါင်း ဘတ်ဂျက်ခန့်မှန်းခြေ အမေရိကန် ဒေါ်လာသန်း ၁၀၀ အနက် အိန္ဒိယနိုင်ငံက ဒေါ်လာ သန်း ၉၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ကျန် ၁ဝ သန်းကို မြန်မာနိုင်ငံက ပေးအပ်မည်ဖြစ်သည်။
 
ဤစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အစပြုဆောင်ရွက်ချက်ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံက ထည့်ဝင်ရမည့် ဒေါ်လာ ၁၀ သန်းအတွက်လည်း အိန္ဒိယနိုင်ငံက အနည်းဆုံး အတိုးနှုန်းနှင့် ငွေထုတ်ချေးသွားမည် ဖြစ်သည်။
 
ကုလားတန်စီမံကိန်းသည် အိန္ဒိယအရှေ့မြောက်ပြည်နယ် မီဇိုရမ်နှင့်  မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းတို့ကို ဆက်သွယ်ပေးမည်ဖြစ်ကာ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့သာမက အရှေ့တောင်အာရှ ဒေသတခုလုံးသို့လည်း လမ်းပေါက်သွားမည်ဖြစ်သည်။
 
ဤကိစ္စများအပြင် သောင်းကျန်းသူနှိမ်နင်းရေးနှင့် သက်ဆိုင်သည့် နှစ်နိုင်ငံနယ်စပ် လုံခြံုရေးကိစ္စများကို ဆွေးနွေးနိုင်ရန် စစ်တပ်အဆင့် ဆွေးနွေးပွဲများ တနှစ် နှစ်ကြိမ် ပြုလုပ်ရန်လည်း သဘောတူညီခဲ့သည်။
 
ဤသို့စီမံကိန်းပေါင်း များစွာကို အကောင်အထည် ဖော်နေသည့်အတွက် ထိန်းသိမ်းခံ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေခြင်း အပေါ်လည်း ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေရခြင်း၊ နိုင်ငံတကာ မျက်နှာစာတွင် စစ်အစိုးရကို ကျောထောက်နောက်ခံ ပြုပေးနေရခြင်းတို့အတွက် အိန္ဒိယနိုင်ငံတွင် အကြောင်းပြချက်များ ရှိမည်မှာ သေချာပါသည်။ ဤအစီအမံများမှာ နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းနေခြင်းကြောင့်ပင် ဖြစ်ပါသည်။