ယခုလဆန်းပိုင်းက တြိဂံတိုင်းမှူး ဦးဆောင်သည့်အဖွဲ့ အထူးဒေသ ၄ မိုင်းလားဌာနချုပ်သို့ သွားရောက်ပြီး နယ်ခြားစောင့် တပ် အသွင်ပြောင်းရန် ထပ်မံ တိုက်တွန်းခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။
ဂျူလိုင်လ ၈ ရက်နေ့ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးဦးဆောင်သည့် အင်အား ၁၀ ယောက်ကျော်ပါ ကား ၄ စီး မိုင်းလားသို့ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း၊ အတွင်းရေးမှူး ဦးမင်းအိမ် ခေါင်းဆောင်ပိုင်းအချို့နှင့် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ထပ်မံတိုက်တွန်းခြင်းဖြစ်ကြောင်း၊ “ခင်ဗျားတို့ ၀ ကို အရမ်းအားမကိုး နဲ့ သူတို့အဖွဲ့က နာမည်ပျက်တွေ၊ အပစ်ရပ်တာလဲ တချိန်တည်း ရပ်ခဲ့တာမှမဟုတ်၊ အသွင်ပြောင်းဖို့ လည်း သူများကိုစောင့်စရာမလိုဘူး။ NDA-K ကချင်အဖွဲ့တောင် သဘောတူပြီးပြီ၊ ခင်ဗျားတို့လဲ အမြန်ဆုံး အကောင်အထည် ဖေါ်ဖို့လိုတယ်” - ဟု တြိဂံတိုင်းမှူးက ပြောကြောင်း - ခေါင်းဆောင်ပိုင်းနှင့်ရင်းနှီးသည့် သတင်းရပ် ကွက်က ဆိုသည်။
“၀ ကို သိပ်အားမကိုးနဲ့ သူတို့တွေက နာမည်ပျက်တွေ ဆိုတာက မူးယစ်ဆေးဝါးနဲ့ပတ်သက်တယ်လို့ဆိုလိုတာနေမှပေါ့၊ အဓိက ကတော့ နယ်ခြားစောင့်တပ် အမြန်ဆုံးပြောင်းဖို့၊ လူသူလက်နက်အင်အားစာရင်း၊ ရာထူးကနေပင်စင်ယူမယ့် အသက် ၅၀ ကျော်ခေါင်းဆောင်ပိုင်းစာရင်းတွေကိုပေးပို့ဖို့ ဒီလကုန်အထိ ထပ်နောက်ဆုတ်ပေးထားတယ် - ဆိုတာပြော သွားတယ်။ ဒါပေမယ့် သူတို့ဘယ်လိုဘဲ ဖိအားပေးလာပေးလာ ကျနော်တို့ သဘောထားကတော့ မပြောင်းလဲနိုင်ဘူး” - ဟု မိုင်းလားအရာရှိတဦးက ပြောကြောင်း အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
ထိုသို့တွေ့ဆုံစဉ်ဗိုလ်ချုပ်ကျော်ဖြိုးက - မိမိတို့အနေဖြင့် စစ်သားဖြစ်သဖြင့် အထက်အမိန့်ကိုဘဲ နာခံရမှာဖြစ်ကြောင်း၊ မည်သို့ပင် ခက်ခဲပြင်း ထန်ပါစေ သေသေကြေကြေတာဝန်အရမဖြစ် ဖြစ်အောင်ကြိးစားလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ သြဂုတ်လအတွင်း အပစ်ရပ်များ၏ လူသူလက်နက်အင်အားစာရင်းအားလုံး နေပြည်တော်သို့တင်ပြပြီးစက်တင်ဘာလ အတွင်း နယ်ခြားစောင့်တပ်အတွက် သင်တန်း စတင်တော့မည်ဖြစ်ကြောင်း - ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။
စစ်အစိုးရ ထပ်မံဖိအားပေးလာသော်လည်း မိုင်းလားအဖွဲ့၏ ရပ်တည်ချက် ပြောင်းလဲမှုမရှိ။ ကချင် NDA-K ၊ ကိုးကန့်၊ ၀ ၊ မိုင်းလား ၄ ဖွဲ့ပေါင်းဖွဲ့ထားသည့် ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတပ်ပေါင်းစု PDF အဖွဲ့ ဆုံးဖြတ်ချက်ချထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ မိုင်းလားအဖွဲ့ခေါင်းဆောင်ပိုင်းများသည် ၎င်းင်းတို့ဆန္ဒအတိုင်းမလုပ်ဘဲ ဒေသခံလူထုသဘောထား၊ ရဲဘော်/ကေဒါများ၏ သဘောထား အမြဲတမ်းကောက်ယူကြောင်း၊ ယခုကြံ့ကြံ့ခံ ဆုံးဖြတ်ချက် ချထားမှုသည်လည်း အများဆန္ဒအတိုင်းဖြစ်ကြောင်း ကျေးရွာလူထု အကြီးအကဲတဦးကလည်း ပြောပြပါသည်။
သို့သော် ဒီမိုကရေစီသစ်တပ်မတော် - ကချင် NDA-K က ပြီးခဲ့သည် ဂျွန် ၂၃ ရက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်ခံလိုက်ပြီဖြစ်ကြောင်း ကချင်သတင်းရပ်ကွက်ကဆိုပါသည်။
PDF (Peace and Democracy Front) သဘောတူညီချက်အရ မည်သည့်အဖွဲ့အစည်းမဆို သဘောတူ ဆုံးဖြတ်ချက် မရဘဲ စစ် အစိုးရနှင့် တစုံတရာ တဘောတူ လက်ခံပါက အဖွဲ့အစည်း၏ သစ္စာဖေါက်ဖြစ်ကြောင်း၊ PDF အဖွဲ့ဖွဲ့စည်းထား ခြင်းသည် အေးအတူပူအမျှ မျှဝေခံစား စံစားရန်ဖြစ်ကြောင်း ဆိုထားပါသည်။
Published
Tuesday, July 14, 2009 - 15:01
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မိုင်းလားအဖွဲ့ ထပ်မံ တိုက်တွန်းခံရ
ယခုလဆန်းပိုင်းက တြိဂံတိုင်းမှူး ဦးဆောင်သည့်အဖွဲ့ အထူးဒေသ ၄ မိုင်းလားဌာနချုပ်သို့ သွားရောက်ပြီး နယ်ခြားစောင့် တပ် အသွင်ပြောင်းရန် ထပ်မံ တိုက်တွန်းခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆို ...