နမ့်ခမ်းမြို့တွင် ရဲအင်အား တိုးချဲ့ဖြည့်တင်းနေ

နမ့်ခမ်းမြို့တွင် ရဲအင်အား တိုးချဲ့ဖြည့်တင်းနေ
ယခုအခါ သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်ရဲစခန်း၌ ရဲအင်အားများ ထပ်မံဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။ နမ့်ခမ်းရဲစခန်းသို့ ဖြည့်တင်း ရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်အင်အား အတိအကျကို ပြောရန်ခက်သေးသော်လည်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် ...

ယခုအခါ သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်ရဲစခန်း၌ ရဲအင်အားများ ထပ်မံဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။
 
နမ့်ခမ်းရဲစခန်းသို့ ဖြည့်တင်းရောက်ရှိလာသည့် ရဲတပ်ဖွဲ့ဝင်အင်အား အတိအကျကို ပြောရန်ခက်သေးသော်လည်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအတွက် နေအိမ်လှိုင်းခန်း(၁ဝဝ)ကျော် တိုးချဲ့ဆောက်လုပ်လျှက်ရှိရာ ယခုပြီးစီးပြီ ဖြစ်ကြောင်း နမ့်ခမ်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။
 
ယခု ဖြည့်တင်းထားသည့် ရဲတပ်ဖွဲ့ဝင်တချို့ကို မြို့နယ်အတွင်းရှိ ကွန်ဟိုင်းနှင့် မုံးဝီး ကျေးရွာရဲစခန်းများသို့ ဖြန့်ခွဲ ပို့ဆောင်နေသဖြင့် အဆိုပါကျေးရွာများအတွင်းရှိ ရဲစခန်းနေအိမ်လှိုင်းခန်းများကိုပါ တိုးချဲ့ဆောက်လုပ်လျှက်ရှိကြောင်း  အဆိုပါ နီးစပ်သူက
ပြောသည် ။
 
ဗမာရဲချုပ် ခင်ရီသည်  မူဆယ်နှင့်နမ့်ခမ်းမြို့များသို့ မေလပိုင်းက ရောက်ရှိလာပြီး ရဲတပ်ဖွဲ့လက်အောက်ရှိ ဌာန တချို့ကို ပြင်ဆင်ပြောင်းလဲမှု့များပြုလုပ်ခဲ့သည် ဟုသိရသည်။
 
ထိုသို့ပြောင်းလဲရာတွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှ (SB) ရဲအထူးသတင်းတပ်ဖွဲ့ အုပ်ချုပ်သူ အရာရှိများကို ပိုမိုအဆင့် မြင့်သည့် ရဲအရာရှိများဖြင့် ခန့်အပ်တာဝန်ပေးအပ်ထားကြောင်း သတင်းရရှိသည်။
 
ရဲသတင်းတပ်ဖွဲ့ကို တိုးချဲ့လာသဖြင့် တရုတ်နယ်မြေအတွင်း ဗမာရဲသတင်းပေးများနှင့်စစ်ဘက်ရေးရာလုံခြံုရေးဌာန သတင်ပေးများ အပြိုင်အဆိုင်သတင်းရယူ စုဆောင်းလာနိူင်ဖွယ်ရှိသည်ဟု အကဲခတ်များက ပြောသည်။
 
(၂ဝဝ၈)ခုနှစ်မှစ၍ သျှမ်းပြည်(မြောက်ပိုင်း) နယ်မြေလုံခြံုရေးကို အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏  အစီအမံ ဖြင့် စနစ်တကျ  အကောင်အထည်ဖေါ် ဆောက်ရွက်လျှက်ရှိရာ နမ့်ခမ်းမြို့နယ်အတွင်း၌ ကျေးရွာသားများအားပြည်သူ့ စစ်သင်တန်းများပေးခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။
 
လွန်ခဲ့သည့်လပိုင်းအတွင်းကမှ စစ်တိုင်းဌာနချုပ်လက်အောက်ခံတပ်များက ရဲတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်များ အား စစ်သုံးချေမှုန်းရေးရိုင်ဖယ်သေနတ် ကျွမ်းကျင်မှုသင်တန်းများနှင့် လုံခြံုရေးသင်တန်းများကို ကွင်းဆင်းပို့ချမှု များပြုလုပ်လျှက်ရှိကြောင်း ဒေသခံများက ပြောသည်။
 
နမ့်ခမ်းမြို့နယ် အတွင်း ဗမာတပ်ဖွဲ့များနှင့် အပစ်ရပ်အဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်မှု့များ ဖြစ်ပွားခဲ့ဘူးရာ (၂ဝဝ၆)ခုနှစ်အတွင်းက ကွန်ဟိုင်းကျေးရွာတွင် ရဲနှင့် SSA-N သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့ဝင်တချို့ ပစ်ခတ်မှု ဖြစ်ခဲ့ရာ ရဲအချို့ထိခိုက် ဒဏ်ရာရခဲ့သည်။
 
အဆိုပါ နယ်မြေအတွင်း၌ အပစ်အခတ်ရပ်ဆဲထားသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA(N)နှင့် သျှမ်းပြည် အမျိုးသားတပ်မတော် (SSNA) တပ်ဖွဲ့ဝင်များ နေထိုင်ကြသော်လည်း (၂ဝဝ၅)ခုနှစ် နောက်ပိုင်းတွင် ဗမာစစ်တပ်က ၎င်း ဒေသအတွင်းရှိ အပစ်ခတ်ရပ်ဆဲထားသည့် သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နှင့် သျှမ်းပြည် အမျိုးသားတပ်မတော် အဖွဲ့ဝင်များကို ဖမ်းဆီးနှိပ်ကွပ်ကာ ရှင်းလင်းခဲ့သည်။