ချင်းမိုင် (မဇ္စျိမ)။ ။ ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များကို စစ်တပ်အတွင်း စစ်သင်တန်း တက်ရောက်ရန် စစ်တပ်က ရွေးချယ်ပြီး ဆင့်ခေါ်နေသည်။
ယခုလ ၂၀ ရက်နေ့တွင် ကျေးရွာကောင်စီ ရယကများက ပဲခူးမြို့ ဘောနပ်ကြီးရွာရှိ ခြေလျင်တပ်ရင်း - ခလရ ၉၇ သို့ လူငယ် အမည်စာရင်းများ ပေးပို့ခဲ့ရပြီးနောက် စစ်တပ်က တရွာလျှင် ဦးရေ ၂၀ နှုန်းဖြင့် ရွေးချယ်ခဲ့ကာ လာမည့်လတွင် ကျေးရွာအပိုင်အတွင်း တည်ရှိသည့် တပ်စခန်းများသို့ သွားရောက်၍ ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ရယက များထံ ယခုလ ၂၅ ရက်နေ့က အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
''အသက် ၁၈ နှစ်နဲ့ ၂၀ ကြား လယ်သမားမိသားစုက ကလေးတွေ ပါတာများတယ်။ ရယက တွေကလည်း စာရင်းတောင်းတယ်ဆိုတော့ ပေးလိုက်တာ။ ဘာမှန်းမသိဘူး။ အခုကျမှ ဒီလူငယ်တွေက ပြည်သူ့ စစ်သင်တန်း တက်ရမယ်။ အဲဒါ ရယက တွေက တာဝန်ယူ ပို့ပေးပါဆိုပြီး ရောက်လာတယ်'' ဟု ပဲခူးမြို့ ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
ကာယကံရှင် လူငယ်များနှင့် မိဘများက စစ်သင်တန်း မတက်ရောက်လိုကြောင်း ငြင်းဆန်ကြရာ ရယက က ခြိမ်းခြောက်သည်များလည်း ရှိနေသည်။
''ဒီသင်တန်း မတက်ရင် ခင်ဗျားတို့ သားတွေ ပေါ်တာတွေ ဖြစ်ကုန်မယ်လို့ ရယက က ပြောတယ်'' ဟု ဒေသခံ နောက်တဦးက ဆိုသည်။
ပဲခူးတိုင်း ကျေးရွာများ၌ ယခင်ကတည်းက ဒေသလုံခြံုရေးအတွက် ပြည်သူ့စစ်များအဖြစ် လေ့ကျင့်ပေးခဲ့ပြီး လက်နက်တပ်ဆင်မှု ရှိခဲ့သော်လည်း၊ လူငယ်များကို စစ်တပ်အတွင်း ခေါ်ယူ၍ စစ်သင်တန်း တက်ရောက်ရမည် ဆိုသဖြင့် စစ်သားသစ်အဖြစ် စုဆောင်းခံရမည်ကို ရွာသားများက စိုးရိမ်နေကြသည်။
''၁၉၉၇ တုန်းက ဒီလို တခါ ဖြစ်ဖူးတယ်။ လယ်စိုက်စရိတ် မကျေတဲ့ လယ်သမားတွေကို အစိုးရက တောင်ငူကို လယ်သမားတွေ ခေါ်သွားတယ်။ နောက်တော့ အားလုံးကို စစ်တပ်က ပေါ်တာဆွဲလိုက်တယ်။ အဲဒါကြောင့် အခုလည်း သင်တန်းဆိုပြီး ခေါ်ပြီး စစ်တပ်ထဲ ထည့်လိုက်မှာကို စိုးရိမ်နေကြတယ်'' ဟု ဒုတိယ ဒေသခံက ပြောသည်။
Published
Tuesday, June 30, 2009 - 21:17
စစ်တပ်က အတင်းအကျပ် စစ်သင်တန်းတက်ခိုင်း
ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များကို စစ်တပ်အတွင်း စစ်သင်တန်း တက်ရောက်ရန် စစ်တပ်က ရွေးချယ်ပြီး ဆင့်ခေါ်နေသည်။ ယခုလ ၂၀ ရက်နေ့တွင် ကျေးရွာကောင်စီ ရယကများက ပဲခူးမြို့ ဘောနပ်ကြီးရွာရှိ ခြေလျင်တပ်ရင်း ...