ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေ မန်စီမြို့နယ် မဒန်ယန်နှင့် မထက်ဒူးခိုကျေးရွာ နှစ်နေရာတွင် မတ်လ ၂၄ရက်ကလည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေသည်ဟု KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ က တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။
“ဒီနေ့လည်း တိုက်ပွဲဖြစ်နေတယ်။ အခု မဒန်ယန်မှာလည်း ဖြစ်နေတယ်။ ဒူးခိုမှာလည်း ဖြစ်နေ တယ်။ နှစ်နေရာ ဖြစ်နေတယ်။ ဒီမနက် ရ နာရီကနေ စတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ ကျွန်တော်တို့ ရှိနေတဲ့ နေရာဘက်ကို သူတို့ တက်လာလို့ တိုက်ပွဲဆက်ဖြစ်နေတာ”ဟု သူက မဇ္ဈိမကို ပြောသည်။
မတ်လ ၂၁ရက်မှစတင်၍ အစိုးရ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၂၄ရက်တွင် လေးရက်မြောက် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။ မတ်လ ၂၄ရက်က တိုက်ပွဲအတွင်း KIA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဘဲ အစိုးရဘက်မှ နှစ်ဦး ကျဆုံးနေသည်ကို တွေ့ရကြောင်း ဗိုလ်မှူးကြီး ဂျွန်းအောင်က ပြောသည်။
မတ်လ ၂၂ရက်တွင်မူ အစိုးရဘက်မှ လေယာဉ်နှစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သလို၊ ၂၃ရက်တွင်လည်း နံနက် ၆နာရီမှ ညနေ ရနာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သူက ဆိုသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်များနှင့် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့တို့ နေ့စဉ်ဆိုသလို တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်အတွက် တွေ့ဆုံဆွေးနွေးနေချိန်မှာပဲ အခြား တအာင်းတပ်နှင့် ကိုးကန့်တပ်များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လင်းကျေးရွာအနီးနှင့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွမ်းစလန်းကျေးရွာ အုပ်စု ကျောက်ဖြူကျေးရွာအနီးတို့တွင် တအာင်းတပ်နှင့် အစိုးရ စစ်တပ်တို့ မတ်လ ၂၁ရက်မှ ၂၃ရက်ထိ တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLAက ထုတ်ပြန်ထားသည်။
သို့သော် ရှမ်းပြည်နယ် ကိုးကန့်ဒေသဘက်တွင်မူ ဦးဖုန်ကြားရှင်ဦးဆောင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရစစ်တပ်တို့အကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ရာမှ မတ်လ ၂၃နှင့် ၂၄ရက် နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည်ဟု MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။
“မနေ့ကနဲ့ ဒီနေ့မရှိဘူးဗျ။ ကျွန်တော်ထင်တာက ၂၇ရက်နေ့မတိုင်ခင် ကျွန်တော်တို့ကို အပြတ်ခြေမှုန်း မယ်လို့ ပြောနေတယ်။ အဲဒီအတွက် သူတို့ ပြင်ဆင်နေလား မသိဘူး။ ကြည့်ရတာ သူတို့လူအင်အားရော၊ လက်နက်ကြီးတွေရော၊ လားရှိုးဘက်ကနေ ဒီရက်ပိုင်းမှာပဲ။ ဒီနေ့ရော တောက်လျှောက်ပို့နေတယ်။ တပ်မတော် အင်အားက နဂိုရှိနေတာက ၆ ထောင်၊ ရထောင်လောက်ရှိမယ်။ အခုဆိုရင် တစ်သောင်းလောက် ကပ်နေပြီ ထင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။