အစိုးရ မီဒီယာ၏ သတင်းထုတ်လွှင့်မှု ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု ပျက်ပြားစေဟု RCSS/SSA ပြော

အစိုးရ မီဒီယာ၏ သတင်းထုတ်လွှင့်မှု ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု ပျက်ပြားစေဟု RCSS/SSA ပြော
by -
သျှမ်းသံတော်ဆင့်

မြန်မာ့အသံ ရုပ်မြင်သံကြား (MRTV) မှ မတ်လ(၁၄) ရက်နေ့၌ ထုတ်လွှင့်ခဲ့သော "RCSS/SSA က သတ္တု စမ်းသပ်တူးဖော် နေသော ကုမ္ပဏီပိုင်ယာဉ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး" ဟုဆိုသည့်သတင်းသည်   အစိုးရနှင့် တိုင်းရင်းသားများ အကြား လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေပြီး တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု ပျက်ပြားစေကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က ပြောသည်။

"အစိုးရမီဒီယာက အဲ့ဒီသတင်းအရင်းအမြစ်ကို သေချာကောင်းမွန်စွာ မစီစစ်ပဲ ထုတ်လွှင့်တယ်၊ ဒါဟာတစ်ဖက်သတ် စွပ်စွဲ ပြောဆိုခြင်းဖြစ်တယ်၊ ခုလိုငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ အစိုးရဘက်က အဲဒီလို သတင်းမျိုးကို နိုင်ငံတော်ပိုင် မီဒီယာကနေ ထုတ်လွှင့်လိုက်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှု ပျက်ပြားစေပါတယ်" ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။

RCSS 23-3-15

မတ်လ (၁၂)ရက်နေ့ ညနေပိုင်းက သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းဒေသတွင် ခဲသတ္တု စမ်းသပ် တူးဖော်လျက်ရှိသော စက်ဝိုင်းအင်အားစုကုမ္ပဏီ လုပ်သား (၇)ဦး   ဖမ်းဆီးချည်နှောင်ခြင်းခံရပြီး   ကုမ္ပဏီ၏ စက်ယန္တရား၊ ယာဉ်များ မီးရှို့ဖျက်ဆီးခြင်းခံကြရသည်။ ၄င်းတို့မှာ RCSS/SSA မှ အင်အား (၁၀) ယောက်ခန့်၏ လက်ချက်ဖြစ်ကြောင်း (MRTV) မြန်မာ့အသံ ရုပ်မြင်သံကြားမှ မတ်လ(၁၄) ရက်နေ့က သတင်းထုတ်လွှင့်ခဲ့သည်။

ဖမ်းဆီးခံလုပ်သားများက ကြိုးများ ဖြည်ကာထွက်ပြေးပြီး မိုင်းယောင်းတပ်နယ် နယ်မြေခံတပ်ရင်းသို့ သတင်းပို့သဖြင့်   ဆုတ်ခွာသွားသော RCSS/SSA အဖွဲ့နောက်သို့ တပ်မတော် စစ်ကြောင်းများ လိုက်လံပိတ်ဆို့ ရှင်းလင်းခဲ့သည်ဟုဆိုသည်။

"အဲဒီကုမ္ပဏီက ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေလည်းဆိုတာကိုတော့ ကျနော်တို့ပြည်သူတွေ ဘာမှမသိရဘူး၊ သစ်ခိုးထုတ်မှုတွေလည်း အများကြီးရှိတယ်။ ဘယ်အဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ လုပ်နေကြလည်း မသိဘူး၊ ဒီဒေသမှာ အစိုးရတပ်မတော်၊ ပြည်သူ့စစ်နဲ့ RCSS/SSA အဖွဲ့တွေလှုပ်ရှားရာ နေရာဖြစ်တယ်" ဟု မိုင်းယောင်းဒေသခံ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က သျှမ်းပြည်(တောင်ပိုင်း) လင်းခေးမြို့နယ်သစ်တောဝန်ထမ်းများ အသတ်ခံရမှုတွင် လည်း အစိုးရသည် RCSS အား စွပ်စွဲခဲ့ပြီး တရားခံအစစ်နှင့် အမှုမှန်ပေါ်ပေါက်အောင် ပြန် လည်ဖြေရှင်းပေးခြင်း မရှိခဲ့ကြောင်း ဖေဖော်ဝါရီ (၂၀)ရက်နေ့က တောင်ကြီးမြို့တွင် RCSS /SSA နှင့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဖြေကြားခဲ့ဖူးသည်။