မိုင်းပွန် ဒေသခံ တစ်ဦးအား အစိုးရ တပ်မတော် ပစ်ခတ်

မိုင်းပွန် ဒေသခံ တစ်ဦးအား အစိုးရ တပ်မတော် ပစ်ခတ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းပွန်နှင့် လွယ်လင်အကြား တောင်ယာစိုက်ပျိုးရန် သွားရောက်ပြင် ဆင်သည့် ရွာသား တစ်ဦးအား မတ် ၁၈ရက်က အစိုးရ တပ်မတော် လှုပ်ရှား စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် ခြေထောက်တစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

နံနက် ၁၀နာရီ ကျော်အချိန် လွယ်လင်မြို့နယ် တောင်နောက် ကျေးရွာအုပ်စု ဝမ့်မတ်လန်း(ဒုံတဖြူး) ရွာနေ အသက် ၃၅နှစ်အရွယ် ပအိုဝ်းအမျိုးသား စိုင်းအောင်ဆွေအား အစိုးရတပ်မတော် ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၁၇ နှင့် လွယ်လင်အခြေစိုက် ပူးပေါင်းတပ်တို့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် ဒေ သခံတဦးက ပြောသည်။

003- Mongpon

“စစ်သားတွေ့လို့ သူက ခြုံထဲဝင်ပုန်းတာ။ အဲဒါကိုသူပုန် ဆိုပြီး ဗမာ စစ်သားတွေက ပစ်လိုက်တာ။ ညာဘက်ခြေ ထိသွားတယ်။ စုတ်ပြတ်နေတာပဲ၊ ဖြတ်ရမှာပဲထင်ပါတယ်။ စိုင်းအောင်ဆွေ အပစ်ခံရကြောင်း ကိုလည်း အဲဒီတပ်ကပဲ ရွာကိုလာပြီးအကြောင်းကြားတာ” ဟု အဆိုပါဒေသခံက ပြောသည်။

လွယ်လင်ခရိုင် ကျန်းမာရေးအသိုင်းအဝိုင်းကလည်း မနက် ၁၀နာရီ အချိန်ခန့်က စိုင်းအောင်ဆွေ ပစ်ခတ်ခံရကြောင်း၊ ၎င်းအား ဝိုင်းထမ်းပြီး မိုင်းပွန်ဆေးခန်းသို့ ပို့ဆောင်ရာမှာ မွန်းလွဲ ၂နာရီခွဲခန့်မှ ရောက် ရှိကြောင်း၊ ခြေထောက်အား ဖြတ်ပစ်ရဖွယ်ရှိသောကြောင့် လွယ်လင်ဆေးရုံသို့ဆက်လက်ပို့ဆောင်ရာ မွန်းလွဲ ၄နာရီကျော်တွင် ရောက်ရှိသွားကြောင်း ပြောပါသည်။