ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်း အစား ငြိမ်းချမ်းရေးအရ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးရန် တပ်မတော်နှင့် အစိုးရတို့ကို တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)က မေတ္တာရပ်ခံခဲ့သည်ဟု ခုနစ်ကြိမ်မြောက် အပစ်အခတ်ရပ် စဲရေး ဆွေးနွေးပွဲ ဒုတိယအနေ့အပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT ခေါင်းဆောင်များက ပြောသည်။
ကိုးကန့်တပ်ဖွဲ့သည် NCCT တွင် ပါဝင်သော အဖွဲ့တစ်ခု ဖြစ်သကဲ့သို့ တရားဝင်ပါတီ တစ်ခုလည်းရှိသော အဖွဲ့ဖြစ်ခြင်းကြောင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်များနည်းတူ နိုင်ငံရေးအရ ဖြေရှင်းသင့်သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
"NCCT ရဲ့မူက အပစ်ရပ်ရေးဖြစ်ပြီး တပ်ပေါင်းစုရဲ့မူက စစ်ရေးနည်းကို လုံးဝမသုံးဖို့ မူရှိတယ်။ NCCT အဖွဲ့ဝင် တစ်ခုက ဘာလို့ စစ်ရေးနည်းကို သုံးသလဲဆိုတာ အဖွဲ့ အတွင်းပြန်လည် သုံးသပ်ရမှာဖြစ်တယ်။ တပ်မတော်နဲ့ အစိုးရဘက်ကလည်း ဒီဘောင်ထဲကနေပြီး အတတ်နိုင်ဆုံး ပဋိပက္ခကို လျှော့ချနိုင်ဖို့ စဉ်းစားပေးပါလို့ NCCT က တရားဝင်မေတ္တာရပ်ခံတယ်" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
NCCT သည် ကိုးကန့်အဖွဲ့နှင့် သီးခြားဆွေးနွေးရန် အစီအစဉ်ရှိသော်လည်း အခြေအနေတင်းမာနေ မှုကြောင့် ဆွေးနွေးနိုင်ခြင်း မရှိသေးဟုဆိုသည်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ကိုးကန့်တပ်ဖွဲ့ပါဝင်ခြင်း ရှိ/မရှိနှင့် ပတ်သက်၍ "အားလုံးပါဝင်ရေးဆိုတဲ့ မူဆိုတာ စာချုပ်ထဲမှာရှိတယ်။ ဘာပဲဖြစ်ဖြစ် နည်းနာရှာပြီး အားလုံးပါဝင်အောင် လုပ်ရမှာပေါ့" ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နှင့် NCCT တို့၏ အပစ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးရေးအတွက် ခုနစ်ကြိမ်မြောက် ပြန်လည်တွေ့ဆုံကာ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
သို့သော် လတ်တလော ဖြစ်ပွားနေသည့် မြောက်ပိုင်းမှ ပဋိပက္ခများ လျှော့ချရေးကိုသာ အဓိက ဆွေးနွေးနေသေးပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပြီးပြတ်အောင် မဆွေးနွေးနိုင်သေးပေ။
မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ၏ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက "ကျွန်တော်တို့နဲ့ ဆွေးနွေးနေတာ ၁၆ ဖွဲ့ရှိပါတယ်။ ဗဟိုကော်မတီကပေးတဲ့ မူဝါဒဖြစ်တဲ့အတွက် ကျွန်တော်တို့ အလုပ်အဖွဲ့မပြောနဲ့ ဝန်ကြီး ဦးအောင်မင်းတို့ရဲ့ UPWC ကလည်း မူဝါဒအတိုင်းပဲ ဆောင်ရွက်လို့ ရပါတယ်။ ကိုးကန့်ကိစ္စကတော့ တိုက်ခိုက်တဲ့အခါမှာ ကိုးကန့်ဘက်က စတင်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ကျန်တာကတော့ ဗဟိုကော်မတီကပဲ ဆောင်ရွက်လို့ ရပါမယ်" ဟု ကိုးကန့်နှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ဆွေးနွေးပွဲ ဒုတိယနေ့ မတ်လ ၁၈ရက်တွင် တပ်ပိုင်းဆိုင်ရာနေရာချထားရေး ကိစ္စများ၊ စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း တို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို မတ်လ ၁၇ရက်မှစတင်၍ ခြောက်ရက်ကြာ အချိန်သတ်မှတ်ထားပြီး နောက်ထပ်လေးရက် ထပ်မံဆွေးနွေးကြရမည် ဖြစ်သည်။