ကျောင်းသား သပိတ်များကိုအစိုးရက အကြမ်းဖက် ဖြိုခွင်းမှုကို ဆန့်ကျင်ရှုတ်ချသည့်အနေဖြင့် ရန်ကုန်အပါအဝင် မြို့နယ် ၁၉ မြို့နယ်တွင် လက်ပတ်ဖြူ လှုပ်ရှားမှု မတ်လ ၁၉ရက်က ပြုလုပ်ခဲ့သည်။
ရန်ကုန်တွင် အဆိုပါ လက်ပတ်ဖြူပတ်ပေးသည့် လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ မြေနီကုန်း၊ လှည်တန်း၊ စံပြ၊ ရွှေဂုံတိုင်၊ သမိုင်းလမ်းဆုံ၊ အင်းစိန်ပန်းခြံ၊ ပန်းဆိုတန်း ကားမှတ်တိုင်၊ ထောက်ကြံ့လမ်းဆုံ၊ ဘုရင့်နောင်နှင့် လှိုင်သာယာမြို့နယ်တို့တွင် နံနက် ၉နာရီတွင် ပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုပြုလုပ်သည့် နေရာတစ်ခုလျှင် လူငယ်ငါးဦးစီမှ လက်ပတ်ဖြူ ၅၀၀ကျော်ဖြင့် ကျောင်းသား သပိတ်အား အကြမ်းဖက်မှု ဆန့်ကျင်ရှုတ်ချသူများကို လက်ပတ်ဖြူ ပတ်ပေးခြင်းဖြစ်သည်။
အဆိုပါ လက်ပတ်ဖြူတွင် ‘We are Students’ (ငါတို့သည်ကျောင်း သားများဖြစ်သည်) ‘Respect Our Rights ‘ (အခွင့် အရေးများ ကိုလေးစားပါ) ဟူသော စာတမ်း ပါ၀င်သည်။
အကြမ်းဖက်မှုကို ဆန့်ကျင်မှုပြုလုပ်ရာတွင် ပါ၀င်သူ ကဗျာဆရာ မောင်ဆောင်းခက ''ဒီလို အကြမ်းဖက်မှု နောက်နောင် မလုပ်ဖို့ လိုတယ်။ အကြမ်းဖက်မှုကြောင့် အစိုးရအပေါ် အယုံအကြည် မရှိတော့ဘူး။ လက်ရှိ အဖမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ပြန်လည်လွှတ်ပေးမှသာ အစိုးရက ပြည်သူတွေရဲ့ အယုံအကြည်ရမယ်'' ဟုပြောသည်။
ယင်းနေ့ နံနက် ၉ နာရီတွင်လည်း အဆိုပါ အကြမ်းဖက်မှုကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် မန္တလေး၊ ပျဉ်းမနား၊ မကွေး၊ ပြည်၊ ပဲခူး၊ လက်ပတန်း၊ ပခုက္ကူ၊ ပုသိမ်၊ ဘိုကလေးကျောက်ပတောင်း၊ ထားဝယ်၊ မြိတ်၊ ရေဖြူ၊ လောင်းလုံ၊ ဒိုက်ဦး၊ ကျောက်ဆည်၊ ဘားအံ၊ တောင်တွင်းကြီးနှင့် မြင်းခြံ တို့တွင်ပြုလုပ်ခဲ့သည်။ ယင်းမြို့နယ်များတွင် လက်ပတ်ဖြူ ၁၀၀၀၀ကျော် ဖြန့်ဝေထားခြင်းဖြစ်သည်။
ပန်းဆိုးတန်းတွင် အကြမ်းဖက်မှုကို ဆန့်ကျင်ကန့်ကွက်မှုပြုလုပ်ရာတွင် ပါ၀င်သူ ကဗျာဆရာ မြရိပ်မှော်က ''ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းတာကို ဆန့်ကျင်တဲ့ အနေနဲ့ လက်ပတ်ဖြူတွေ ပတ်ပေးတယ်။ ဆန္ဒရှိသူတွေကိုသာ ပတ်ပေးတာဖြစ်တယ်'' ဟုပြောသည်။
မတ်လ ၅ရက်က ရန်ကုန် မြို့တော် ခန်းမရှေ့တွင် ကျောင်းသားသပိတ်ကို တားမြစ်ထားသည်ကို ကန့်ကွက်ဆန္ဒဖော် ထုတ်သူ ရှစ်ဦးအား ရဲဝန် ထမ်းများနှင့် လက်ပတ် အနီပတ်ထားသော လူတစ်စုက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ်လ ၆ရက် နံနက် ၅ နာရီခွဲတွင် ပြန်လည်လွှတ်ပေး ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၀ရက်က လက်ပံတန်းတွင် ပင်မကျောင်းသား သပိတ်အား အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး ယင်းကျောင်းသား သပိတ်အား အကြမ်းဖက်မှုကို ဆန့်ကျင်သည့်အနေနှင့် ရန်ကုန်မြို့ရှိ ဆန္ဒဖော်ထုတ် သူများလည်း အကြမ်းဖက် မှုဖြစ်ပွား ခဲ့သည်။
အဆိုပါ မတ်လ ၁ဝရက် အဓိကရုဏ်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူ ၁၂၇ဦး ဖမ်းဆီးခံရပြီး မတ်လ ၁၁ရက်တွင် သံဃာ ၁ဝပါးကို လည်းကောင်း၊ မတ်လ ၁၂ရက်တွင် ကျောင်းသူ၊ ကျောင်းသား ၁၅ဦးကို လည်းကောင်း၊ မတ်လ ၁၃ ရက်တွင် သတင်းထောက်နှစ်ဦးနှင့် ကျောင်းသူကျောင်းသား ကိုးဦးကို လည်းကောင်း၊ မတ်လ ၁၄ရက်တွင် ကျောင်းသား တစ်ဦးကို လည်းကောင်း ပြန်လွှတ်ပေးခဲ့သည်။