သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံ ဒေသတွင် ကုမ္မဏီမှ လျော်ကြေးပေး မည် ဆိုသည့် ကတိအတိုင်း ပြီးဆုံးအောင် မပေးဘဲ ရွှေတူးဖော်မှုမှား ဆက်လက်လုပ်ဆောင်နေကြောင်း ယင်းဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။
နားဟိုင်းလုံဒေသတွင် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပကတိအတိုင်း ပြန်လည်စိုက် ပျိုးနိုင်အောင် ရွှေတူးဖော်နေသော ကုမ္မဏီကြီးများမှ ပြန်လည်ပြုပြင်ပေးရန်နှင့် နစ်နာဆုံးရှုံး သွားသော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် သျှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ မှာကြားချက်အတိုင်း ကုမ္မဏီများက မလိုက်နာဘဲ လယ်ယာပြုပြင်မှု ၁ ရာခိုင်နှုန်းခန့်မျှသာ ပြုလုပ်ပေးကြောင်း၊ လျော်ကြေးလည်း ပေးတော့မည် မဟုတ်တော့ကြောင်း ဒေသခံ ဦးစိုင်းခက်က သျှမ်းသံတော်ဆင့်အား ပြောသည်။
“စိုင်းစိုင်းစိုက်ပျိုးရေး၊ လွယ်ခမ်းလုံ ကုမ္မဏီတို့က ရွှေတူးဖော်မှု ရပ်နားသွားပြီ။ စိုင်းတစ် ကုမ္မဏီလည်း ရပ်ထားတယ်လို့ ကြားတယ်။ ကျန်တဲ့ကုမ္မဏီကြီး ၁၀ခုလောက်က မရပ်ဘူး။ လယ်ယာမြေတွေထဲက သဲတွေကို စက်ကြီးနဲ့ကော်ပြီး လယ်ကွင်းထဲမှာပဲ ပုံထားတယ်။ လယ်ပြင်တောင် မထုတ်ပေးဘူး။ ဒေသတခု လုံးနဲ့ကြည့်ရင် ၁ ရာခိုင်နှုန်းတောင်မရှိဘူး အဲဒီလိုလုပ်ပေးတာ။ အခုအဲဒါ ရပ်ထားပြီး ရွှေတွေ ဆက်တူးနေပြန်ပြီ၊ ပေးဖို့ကျန်တဲ့ လျော်ကြေးလည်း ပေးတော့မှာ မဟုတ်တော့ဘူးတဲ့” ဟု ဦးစိုင်းခက်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ထိုသို့ ကုမ္မဏီက ပြုလုပ်သည့်အပေါ် ဒေသခံများစုပေါင်းကာ ဖေဖော်ဝါရီလ ၂၄ရက်က တာချီလိတ်သို့ သွားရောက် တင်ပြခဲ့ပြီးနောက် မတ်လ ၁၄ရက်နေ့က မြို့နယ်ခွဲ အုပ်ချုပ်ရေးအာဏာပိုင် ဦးထွန်းထွန်းဝင်းနှင့် အတူ ဒေသတွင်း လဝက၊ စိုက်ပျိုးရေး၊ လုံခြုံရေး အာဏာပိုင်များ ကွင်းဆင်းစစ်ဆေးခဲ့သော်လည်း တစုံတရာပြောဆိုခြင်း မရှိခဲ့ပေ။
လယ်ယာမြေဆုံးရှုံးခဲ့ရသော လယ်သမားများအား ထိုက်တန်သောလျော်ကြေး ပေးဆောင်ရန်၊ ရွှေတူးဖေါ်မှု လုပ်ငန်းအားလုံး ရပ်တန့် ရန် ယမန်နှစ်က ဦးစိုင်းအိုက်ပေါင်းက ဒေသတွင်း ကွင်းဆင်းစစ်ဆေးပြီး ညွှန်ကြားခဲ့သည်။
နားဟိုင်းလုံဒေသတွင် ရွှေတူးဖော်နေသော ကုမ္မဏီများသည် ၂၀၀၇ခုနှစ်ကပင် ထိုဒေသ၌ ရွှေတူးဖော်မှုလုပ် ငန်းများ စတင်ခဲ့ရာ ဒေသခံများ၏ လယ်ယာမြေ ဧက ၃၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။