ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါင်း လက္ခဏာ ဆောင်

ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါင်း လက္ခဏာ ဆောင်
by -
သျှမ်းသံတော်ဆင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ ရ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ခတ်ရပ် စဲရေး သဘောတူညီချက် (NCA) ဆွေးနွေးပွဲတွင် ပဋိပက္ခ ဖြစ်စေမည့် စကားလုံးများ ရှောင်ရှား ကာ ဆွေးနွေးခဲ့သောကြောင့် အပေါင်းလက္ခဏာ ဆောင်သည့် ဆွေးနွေး မှု ဖြစ်ခဲ့ကြောင်း ပါဝင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များက ပြောသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် မတ်ခ်ျလ ၁၇ နှင့် ၁၈ - ၂ ရက်တာ ဆွေးနွေးပွဲ ကျင်းပရာ နှစ်ဦးနှစ် ဘက် ငြင်းခုံဆွေးနွေးမှု မရှိခဲ့ကြောင်းသိရသည်။

NCCT နှင့် အစိုးရ၏ မြန်မာငြိမ်းချမ်းရေးစင်တာ MPC တို့၏ ရ ကြိမ်မြောက်ဆွေးနွေးပွဲ (ဓါတ်ပုံ- ညိုအုန်းမြင့်)

ဆွေးနွေးပွဲ တက်ရောက်သူ ပြည်ထောင်စု အင်စတီကျု (Union Institute)မှ ဒါရိုက်တာ ဦးခွန်စိုင်းက "ဥပမာ အရင်တုန်းကဆိုရင် လိုင်ဇာကိစ္စဆိုရင်  အကြီးအကျယ် ဆွေးနွေးရတယ်။ ငြင်းခုံ ရတယ်လေ။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ နောက်ထပ်မဖြစ်ရအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ ဆွေးနွေးနိုင် တယ်။ တိုက်ပွဲတွေ လျှော့ချနိုင်အောင် တစ်ပြည်လုံးအပစ်ရပ်ရေး လက်မှတ်ထိုးရမယ်လို့ ဒု-ဗိုလ်ချုပ်ကြီးမြင့်စိုး က ပြောဆိုသွားတယ်” ဟု ပြောပါသည်။
 
မတ်လ ၁၇ ရက်နေ့ ဆွေးနွေးပွဲအတွက် နှစ်ဦးနှစ်ဘက်မှာ အချိန် ၁ နာရီခန့်အကြာသာ ဆွေးနွေးခဲ့ရကြောင်း၊ ကိုးကန့် ပြဿနာနှင့် ပတ်သက်၍လည်း မဆွေးနွေးခဲ့ရကြောင်း ဆိုပါသည်။
 
“ကိုးကန့်ပြဿနာက ဒီတစ်ခေါက်မပါသေးဘူး။  နောက်တစ်ခေါက်မှပဲ ဆွေးနွေး မယ်။ ဖြစ်စဉ်အားလုံးကို ပြန် လည်သုံးသပ်မယ်။ ဘယ်လိုဖြေရှင်းသင့်လဲ ဆိုတာ နည်းလမ်းရှာပြီးတော့မှ အထက်ကိုတင်ပြပြီး ဆွေးနွေး မယ်လို့ပဲ မှတ်ချက်ချသွားပါတယ်။” ဟု  ဦးခွန်စိုင်းက ပြောသည်။
 
"အခု သျှမ်းပြည်မြောက်ပိုင်းမှာ တပ်မတွေ အများကြီး၊ အထက်မှာ ငြိမ်းချမ်းရေး ဘယ်လောက်ဆွေးနွေး ဆွေးနွေး၊ အောက်ခြေမှာ စစ်အင်အားသုံး ဖြေရှင်းနေသရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ ရနိုင်မှာမဟုတ်ဘူး” ဟု တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာ့အိုက်ကျော်က ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆာင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ ရ ကြိမ်မြောက်ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar ၊ တရုတ် ကိုယ်စားလှယ်များနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း ဆွေးနွေးပွဲတက်ရောက်သည့်ပုဂ္ဂိုလ် ၅၀ ကျော်ရှိကြောင်း သိရပါသည်။

 

Most read this week