ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နိုင်ငံသားများ သေဆုံးမှု စစ်တပ်ကိုယ်စားလှယ်အဖွဲ့ မြေပြင်စစ်ဆေးမှု သွားရောက်လုပ်ဆောင်

ကိုးကန့်တိုက်ပွဲကြောင့် တရုတ်နိုင်ငံသားများ သေဆုံးမှု စစ်တပ်ကိုယ်စားလှယ်အဖွဲ့ မြေပြင်စစ်ဆေးမှု သွားရောက်လုပ်ဆောင်
by -
မဇ္ဈိမ

ကိုးကန့်လက်နက်ကိုင်များနှင့် အစိုးရတပ်မတော်တို့ မတ်လ ၁၃ရက် ညနေပိုင်းက တိုက်ပွဲကြောင့် ယူနန်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံသားများ သေဆုံး ဒဏ်ရာရခဲ့သည့်အတွက် မတ်လ ၁၅ရက်က မြန်မာ့ တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ မြေပြင်ပမာဏ သွားရောက်စစ်ဆေး စုံစမ်းမှုများ ပြုလုပ်နေကြောင်း မြန်မာအစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် မြေပြင်တွင် ပမာဏစစ်ဆေးမှုများ ပြုလုပ် ရန် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့နှင့် တရုတ်နိုင်ငံဘက်မှ ဒေသခံ အာဏာပိုင်အဖွဲ့၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများနှင့် ကူမင်းမြို့ရှိ မြန်မာကောင် စစ်ဝန်ချုပ်တို့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုများ  ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ကြေညာခဲ့သည်။

အစိုးရ၏ ကြေညာချက်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးကို ပျက်ပြားစေလိုသော ကိုးကန့် သောင်းကျန်းသူများ၏ ပါဝင်မှုရှိ-မရှိ ကိုလည်း စိစစ်ဖော်ထုတ်သွားမည်ဟုလည်း ဆိုထားသည်။

မတ်လ (၁၃)ရက် ညနေပိုင်း ကိုးကန့်လက်နက်ကိုင်နှင့် အစိုးရတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင်၊ မုန်တိမ်မြို့ တာ့ရွှေရှန်းတုကျေးရွာအနီး ကြံခင်းတွင် တရုတ်နိုင်ငံသား ၅ ဦး သေဆုံးခဲ့ရပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများ အချင်းချင်းနှင့် တပ်မတော်များ အချင်းချင်း ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့တပ်မတော်သည် အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ပဏာမ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိသော တရုတ်နိုင်ငံတွင်းမှ ပြည်သူအချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်းဆိုထားသည်။

တရုတ်နိုင်ငံသို့ နောက်ထပ်သေစေနိုင်လောက်သည့် မှားယွင်းပစ်ခတ်မှုမျိုးဖြစ်ပွားလာပါက တရုတ်စစ်တပ်အနေဖြင့် ခိုင်မာပြတ်သားစွာအရေးယူ ဆောင်ရွက်မည်ဟု တရုတ်စစ်တပ်ခေါင်းဆောင် ဖန်ချန်လောင်းက ပြောကြားလိုက်ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

Most read this week