တစ်နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးမယ့် ကချင်ခေါင်းဆောင်များ မြစ်ကြီးနားကား လမ်းအတိုင်း ၁၃ရက်နေ့တွင် ထွက်လာမည်

တစ်နိုင်ငံလုံး အပစ်ရပ်ဆွေးနွေးမယ့် ကချင်ခေါင်းဆောင်များ မြစ်ကြီးနားကား လမ်းအတိုင်း ၁၃ရက်နေ့တွင် ထွက်လာမည်

ရန်ကုန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စာလှယ်များအား ကချင်ပြည် နယ်မြစ်ကြီးနား ကားလမ်းအတိုင်း မတ်လ ၁၃ ရက်တွင် သွားကြိုမည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) က ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမ ကိုပြောသည်။

“မြစ်ကြီးနားကား လမ်းအတိုင်း သွားဖို့ ခွင့်ပြုချက်ရပြီ။ မနက်ဖြန်(မတ် ၁၃)မှ သွားကြိုမယ်။ ကျွန်တော်တို့ PCG ၊ ယူအန်က လူတစ်ဦးနဲ့ MPC က လူတစ်ယောက်လည်းပါမယ်။ လိုင်ဇာက ကေအိုင်အို ကိုယ်စားလှယ်တွေကို သွားကြိုမယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

မြစ်ကြီးနားမြို့မှ PCG အဖွဲ့များ၊ ကုသမဂ္ဂမှ ကိုယ်စားလှယ် တစ်ဦးနှင့် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ ကိုယ်စားလှယ် တစ်ဦးတို့က လိုင်ဇာအနီး နမ်ဆန်ယန်ကျေးရွာအထိ သွားရောက် ကြိုဆိုမည် ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

မူလက မတ်လ ၁၁ရက်တွင် KIO ကိုယ်စားလှယ်များအား လိုင်ဇာ-မြစ်ကြီးနားကားလမ်းအတိုင်း သွားရောက်ရန် စီစဉ်ခဲ့သော်လည်း အစိုးရ စစ်တပ်က ခွင့်မပြုခဲ့သဖြင့် အခြားလမ်းကြောင်းဖြင့် သွားရန် မတ်လ ၁၁ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းကလည်း စာပေးပို့ခဲ့သဖြင့် ရက်ရွှေ့ဆိုင်းခဲ့သည်။

သို့သော် မတ်လ ၁၁ရက် ညနေပိုင်းတွင် KIO ကိုယ်စားလှယ်များအား မြစ်ကြီးနားကားလမ်းအတိုင်း ပြန်သွားရန် စစ်တပ်က ခွင့်ပြုချက် ပြန်လည် ရရှိခဲ့သဖြင့် မတ်လ ၁၃ရက်တွင် KIO ကိုယ်စားလှယ်များ လိုင်ဇာမြို့မှ စတင်ထွက်ခွာမည် ဖြစ်သည်။

လာမည့် မတ်လ ၁၆ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရကြိမ်မြောက် တွေ့ဆုံဆွေးနွေး ပွဲသို့ လေ့လာသူများအဖြစ် တက်ရောက်ရန် KIO ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအဝင် ၁၀ဦးခန့် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

အလားတူတအာင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် (PSLF/TNLA)မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဝံရ်ခြိူဝ်းကလည်း အဆိုပါဆွေးနွေး ပွဲတက်ရောက်ရန် မတ်လ ၁၂ရက်တွင် ထွက်ခွာသွားပြီ ဖြစ်ကြောင်း PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

“ကျွန်တော်တို့က တွဲဘက်အတွင်းရေးမှူး ၂ သွားတယ်။ ဒီမနက်ဘဲ ခရီးထွက်သွားပါပြီ။ သူကအန်စီစီတီကိုယ်စားလှယ်လည်းဖြစ်တယ်။ PLSF အနေနဲ့ရောနှစ် ခုစလုံး အတွက် သွားတာပါ”ဟု သူက မဇ္ဈိမ ကိုပြောသည်။

ဆွေးနွေးပွဲအတွင်း အစိုးရ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာရှိ TNLA ဗိုလ်လောင်းများ ကျဆုံးသွားမှုအပေါ် အဓိက သွားရောက်ဆွေးနွေးမည်ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က မကြာမီက မဇ္ဈိမကို ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၄ နိုဝင်ဘာလ ၁၉ရက်က KIO ဌာနချုပ် လိုင်ဇာမြို့ရှိ ဗိုလ်လောင်းသင်တန်းကျောင်းသို့ အစိုးရ၏ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ဦး သေဆုံးခဲ့ပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် TNLA/PSLF ရဲဘော် ၁၁ဦး ပါဝင်ခဲ့သဖြင့် နောက်နောင် ထပ်မံမဖြစ်ရစေရန် သွားရောက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

Most read this week