သိမ်းဆည်းလယ်ယာမြေများ မစွန့်လွှတ်နိုင်လျှင် ဒီကနေ့ ပေါက်စျေးအတိုင်း ဘတ်ဂျက်တောင်းခံ ပေးလျော်ရန် ဦးခင်အောင်မြင့် ပြော

သိမ်းဆည်းလယ်ယာမြေများ မစွန့်လွှတ်နိုင်လျှင် ဒီကနေ့ ပေါက်စျေးအတိုင်း ဘတ်ဂျက်တောင်းခံ ပေးလျော်ရန် ဦးခင်အောင်မြင့် ပြော
by -
မဇ္ဈိမ

သိမ်းဆည်း လယ်ယာမြေများကို ပြန်လည်မစွန့်လွှတ်နိုင်ဘူးဆိုလျှင် ကာကွယ်ရေး ဝန်ကြီးဌာနသည် အမှန်တကယ် နစ်နာသည့် လယ်သမားများကို ယခုခေတ်ပေါက်စျေးအတိုင်း ပေးလျော်နိုင်ရေးအတွက် ဘတ်ဂျက်တောင်းခံရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်းပြောဆိုသည်။

“လယ်ယာမြေများနှင့် အခြားမြေများ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းတဲ့အခါမှာ အမှန်တကယ် နစ်နာခြင်း ရှိ၊ မရှိဆိုတာကို ဦးတည်ပြီး စုံစမ်းဖို့လိုတယ်။ အမှန်တကယ်နစ်နာတယ်။ ဒီနေ့ပေါက်စျေးနဲ့ ပေးလျော်သင့် တယ်ဆိုရင် ဘတ်ဂျက်မှာ ထည့် တောင်းလိုက်လို့ ရပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဒါကို ကန့်ကွက်မယ်မထင်ပါဘူး” ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

Farmland-1

နိုင်ငံတော်ဘဏ္ဍာငွေထဲကို ဝင်ထားခြင်းဖြစ်သည့်အတွက် နိုင်ငံတော်ဘဏ္ဍာ က ပြန်တောင်းပြီး ပေးလျော်လိုက် မည်ဆိုလျှင် လွယ်လွယ်ကူကူဖြစ်ပြီး ခက်ခဲစရာမရှိဘူးဟု ဆိုသည်။ နိုင်ငံတော်နှင့် ပြည်သူကြား မှာ ပြေလည်သွားအောင် အဖုအထစ်ဆိုသည့် ဦးတည်ချက်မရှိအောင်် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

“လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားကလည်း ဒီအတိုင်းပဲရှိမယ် ထင်ပါတယ်။ ဘတ်ဂျက်နဲ့တောင်းပြီးရင် လျော်ပေးလိုက်ပါ။ လွှတ်တော် ကိုယ်စားလှယ်တွေ ယူဖို့ မဟုတ်ပါဘူး” ဟု ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

သိမ်းဆည်းခံလယ်သမားများ အမှန်တကယ်နစ်နာခြင်း ရှိမရှိကို သက်ဆိုင်ရာဝန်ကြီးဌာနက ကြိုက်နှစ်သက်သလို စုံစမ်းစစ်ဆေးနိုင်ပြီး အမှန်တကယ် နစ်နာမှုရှိမရှိနှင့် ပိုင်ဆိုင်ခြင်းရှိမရှိကို သေချာ စစ်ဆေးပြီးလျှင် နစ်နာပါက ပေးလျော်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

“ဖြစ်သင့်ဖြစ်ထိုက်တဲ့ လျော်ကြေးကို ဘတ်ဂျက်နဲ့ဖြေရှင်းပေးရင် လွယ်လွယ်ကူကူပဲ ကိုယ်အိတ်ထဲက စိုက်စရာမလိုပါဘူး၊ ကိုယ်ဌာနက စိုက်စရာလည်း မလိုပါဘူး၊ ပြည်သူ့ငွေနဲ့ ပြန်လျော်ကြေးပေးရတဲ့ သဘောဖြစ်ပါတယ်။ ပြဿနာတွေ ပြေလည်အောင် ဖြေရှင်းတဲ့ အခါမှာ ပြေလည်စေချင်တဲ့ စိတ်စေတနာလေးနဲ့ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် ၁၂ကြိမ်မြောက် အစည်းအဝေးတွင် တပ်သိမ်းလယ်ယာမြေများ၏ ကြယ်ပွင့်ပြ မေးခွန်းများအပြီးတွင် အထက်ပါအတိုင်း တိုက်တွန်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

Most read this week