ကျောင်းသား သပိတ်တွင် လာရောက်ပူးပေါင်းသော ရှမ်း၊ ကယားကျောင်းသားများတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဖောက်ခွဲရေး သင်တန်းဆင်း တစ်ဦးပါဝင်သည်ဟု လူမှုကွန်ရက် စာမျက်နှာများမှတဆင့် သတင်းများ ထွက်ပေါ်နေပြီး KNPP က ငြင်းဆိုလိုက်သည်။
လက်ပံတန်းသပိတ်စစ်ကြောင်းကို မတ် ၁၀ရက်နေ့ နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖြိုခွင်းခဲ့ပြီး ထိုသတင်းများလည်း အွန်လိုင်းတွင် ပျံ့နှံလာခြင်းဖြစ်သည်။
ဗကသ သပိတ်စစ်ကြောင်းသို့ ရှမ်း၊ ကယား ကျောင်းသားသမဂ္ဂမှ လာရောက်ပူးပေါင်းခဲ့သော ကျောင်းသား ငါးဦးတွင် KNPP မှ ဖောက်ခွဲရေးသင်တန်းဆင်း တစ်ဦးပါ၀င်သည် ဟု အွန်လိုင်းသတင်းနှင့် ဓာတ်ပုံများ ပျံ့နှံနေခြင်းဖြစ်သည်။
"ကျွန်တော်တို့က ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးထားတာလဲ ကြာပြီ ကျွန်တော်တို့ အဖွဲ့ဝင်ကို ရည်ရွယ်ချက်နဲ့ လွှတ်စရာအကြောင်းမရှိဘူး၊ သတင်းဖျန့်တဲ့သူတာ ရည်ရွယ်ချက်ရှိတာ ဖြစ်ရင်ဖြစ်မယ်" ဟု KNPP မှ ဗိုလ်မှူးကြီးဘုန်းနိုင်က မဇ္ဈိမကို ပြောသည်။
အင်တာနက်စာမျက်နှာများတွင် "သပိတ်စစ်ကြောင်းများကို ဖြိုခွဲလျှင် ကျောင်းသားတော်လှန်ရေး စတင်နိုင်ရန် ရည်ရွယ်ထားသည်" ဟု ရေးသားထားသည်။
မတ်လ ၁၀ရက်တွင် လက်ပတန်း ကျောင်းသားသပိတ်ကို ရဲများက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သတင်းထောက်များကိုလည်း ရိုက်နှက်ခဲ့သည်။ သို့သော် ကျောင်းသားများဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိခဲ့ဟု မဇ္ဈိမသတင်းထောက်က သတင်းပို့သည်။