မွန်ပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ထားဟု မွေး/ကုဦးစီးပြော

မွန်ပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ထားဟု မွေး/ကုဦးစီးပြော
by -
မွန်အေဂျင်စီ

မြန်မာနိုင်ငံအထက်ပိုင်းဒေသ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မုံရွာကြက်မွေးမြူရေးဇုန် အတွင်းရှိ ကြက်ငုံးမွေးမြူရေးခြံများတွင် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှစ၍ ကြက်၊ ငုံးများ စတင်သေဆုံးခဲ့ရာ H5N1 ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း ဓာတ်ခွဲခန်းမှ အတည်ပြုနိုင်ခဲ့ပြီးနောက် မွန်ပြည်နယ်အတွင်းသို့ အဆိုပါရောဂါ ကူးစက်လာနိုင်သည့် လမ်းကြောင်းများကို ထိန်းသိမ်းသွားနိုင်ရန် ကြက်၊ ငုံးနှင့် ဘဲမွေးမြူရောင်းဝယ်သူများကို အရေးပေါ်အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးခဲ့ကြောင်း မွန်ပြည်နယ် မွေး/ကုဌာနမှ ပြည်နယ်မှူး ဒေါက် တာအောင်လှဝင်းက ပြောသည်။

“ကူးစက်ရောဂါမဖြစ်အောင် ကြိုတင်တားဆီးဖို့အတွက် တစ်ယောက်တည်း၊ တစ်ဌာနတည်း လုပ်လို့မရပါဘူး။ ကုမ္ပဏီတစ်ခုတည်းနဲ့လည်း လုပ်လို့မရဘူး။ အားလုံးမှာ တာဝန်ရှိပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါက လူကိုပါ ကူးစက်လာသည့်အတွက် အမျိုးသားရေးလုပ်ငန်းတစ်ရပ်အနေနှင့် ပူးပေါင်းဆောင်ရွက် ရတာ ဖြစ်ပါတယ်” ဟု ပြည်နယ်မှူးက ပြောသည်။

Chicken

ကြက်ငှက်တုပ်ကွေးရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးသို့ ကူးစက်ပြန့်ပွားမှုမရှိအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်ပါသည်ဟု ပြည်နယ်မှူးက ဆိုသည်။

မတ်လ ၅ရက်နေ့တွင်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် မွေးမြူရေးသမားများနှင့်တွေ့ဆုံရန် ဟောပြော ပွဲများလုပ်ရန် မွေးမြူရေးခြံများ လိုက်လံစစ်ဆေးရန်အတွက် ပြည်နယ်မွေး/ကုဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်း အဝေးခေါ်ယူခဲ့ကြောင်း ၄င်းက ပြောသည်။

“ကိုယ့်ဒေသမှာတော့ မဖြစ်သေးဘူးပေါ့လေ။ တခြားဒေသကကြက်တွေမှာတော့ ပါလာမှာတော့ စိုးရိမ်တယ်။ ကိုယ့်ဒေသမှာ ပျံ့သွားနိုင်တယ်လေ” ဟု မော်လမြိုင်မြို့ ဦးနိုဒင် ကြက်မွေးမြူ ရောင်းဝယ်ရေးဒိုင်က ပြောသည်။

ကြက်ဘဲမွေးမြူသူများအနေဖြင့် မိမိခြံသည် ရောဂါဖြစ်သည်ဟု သံသယရှိပါက မွေး/ကုဌာနသို့ အသိပေးကြ ရန်နှင့် တစ်မြို့မှတစ်မြို့သို့ ဖြတ်သန်းပါက တိရိစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်ရှိသည့် ကြက်ဘဲများ ကိုသာ ဖြတ်သန်းခွင့် ပြုမည့်ဟု ပြည်နယ်မှူးကပြောသည်။

မွေးမြူရေးလုပ်ကိုင်သူများ၊ မွေးမြူရေးနှင့်ဆက်နွယ်သည့် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဆိုပါ ကူးစက်ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးရန်လည်း ပြည် နယ်မှူးမှ တိုက်တွန်းခဲ့သည်။

မွန်ပြည်နယ်အတွင်း ဥစားကြက် ၂၆၀ဝဝဝ၊ အသားစားကြက် ၉ သိန်းနီးပါး၊ ဥစားဘဲ ၂သိန်းခန့်နှင့် အစားသားဘဲ ၁ သိန်းခွဲခန့်ရှိကြောင်း ပြည်နယ်မှူးက ပြောသည်။

Most read this week