နယူးဒေလီ (မဇ္စျိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလာဖွယ် ရှိသည်ဆိုသော မြောက်ကိုရီးယား ကန်နမ်သင်္ဘောနှင့် ပတ်သက်၍ မသိရှိဘဲ အခြားသော မြောက်ကိုရီးယား သင်္ဘောတစီးသာလျှင် ဆန်လာတင်မှာ ဖြစ်သည်ဟု စစ်အစိုးရက ပြောဆိုလိုက်သည်။
တန်ချိန် ၂၀၀၀ ရှိ ကန်နမ် - Kang Nam အမည်ရ သင်္ဘောသည် လက်နက် တင်ဆောင်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ဖွယ်ရှိကြောင်းနှင့် အမေရိကန် ရေတပ်သင်္ဘောက နောက်ယောင်ခံလိုက်နေကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြနေချိန်၌ ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
ကန်နမ် ကုန်တင်သင်္ဘောနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ သတင်းတစုံတရာ မရရှိကြောင်းနှင့် ယခုလ ၂၇ ရက်နေ့ခန့်တွင် ရောက်လာမည့် မြောက်ကိုရီးယား နိုင်ငံပိုင် MV Dumangang ကုန်တင်သင်္ဘောသည် မြန်မာနိုင်ငံ၌ ဆန်တန်ချိန် ၈၀၀၀ ခန့် သယ်ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း ပါရှိသည်။
အေပီသတင်း တပုဒ်တွင် ကန်နမ်သည် ယခုလ ၂၃ ရက်နေ့တွင် ထိုင်ဝမ် ရေလက်ကြား၏ မြောက်ဘက် ကီလိုမီတာ ၁၆၀ အကွာတွင် ရောက်နေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှ အရာရှိများ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။ အမေရိကန် ရေတပ်ဖျက်သင်္ဘော အက်စ် ဂျွန်မက်ကိန်းက ကန်နမ် နောက်သို့ တောက်လျှောက် နောက်ယောင်ခံ လိုက်နေခဲ့သည်ဟု ဖော်ပြထားသည်။
ကန်နမ် သည် ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်းတွင် ၂၀၀၇ ခုနှစ် ဧပြီလအတွင်းကလည်း တကြိမ် ဆိုက်ကပ်ခဲ့ဘူးသည်။ ရာသီဥတု မကောင်းသဖြင့် ဆိုက်ကပ်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း မြန်မာစစ်အစိုးရက ပြောခဲ့သည်။
၁၉၈၃ ခု တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ ရောက်ရှိခဲ့စဉ် မြောက်ကိုရီးယားတို့က ဗုံးခွဲတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ဒုတိယ သမ္မတ အပါအဝင် ဝန်ကြီး ၄ ဦး သေဆုံးခဲ့ပြီး၊ နှစ်နိုင်ငံကြား သံတမန်အဆက်အဆံများ ရပ်တန့်သွားခဲ့သည်။
သို့သော် ၂၀၀၇ ခုနှစ် ဧပြီအတွင်းက သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ကြသည်။
၂၀၀၈ ခု နိုဝင်ဘာလတွင် မြန်မာစစ်ခေါင်းဆောင် တတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် မြောက်ကိုးရီးယားသို့ တိတ်တဆိတ် သွားရောက် လည်ပတ်ခဲ့သည်။
Published
Thursday, June 25, 2009 - 23:30
မြောက်ကိုရီးယားသင်္ဘော ဆန်လာတင်ခြင်းသာဖြစ်ဟု စစ်အစိုးရပြော
မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းလာဖွယ် ရှိသည်ဆိုသော မြောက်ကိုရီးယား ကန်နမ်သင်္ဘောနှင့် ပတ်သက်၍ မသိရှိဘဲ အခြားသော မြောက်ကိုရီးယား သင်္ဘောတစီးသာလျှင် ဆန်လာတင်မှာ ဖြစ်သည်ဟု စစ်အစိုးရက ပြောဆို ...