မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုနှင့် ဦးဆောင်မှုအင်အားကို နောက်ပြန်ဆုတ်အောင် လုပ်ဆောင်နေသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မတ်လ ၈ရက်က ပြောဆိုလိုက်ပြီး ထိုနေ့ ညပိုင်းတွင် အမျိုးသမီးအခွင့်အရေးတောင်းဆိုကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းနိုင်ငံအတွင်း အမျိုးသမီး၊ အလုပ်သမားအရေး လှုပ်ရှားနေသူများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်း၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှော င့်ယှက်မှု အပါအဝင် နည်းမျိုးစုံ အကြမ်းဖက်မှုများကို တရားမျှတမှု ရရှိရန် အစိုးရမှ လုပ်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ၁၀၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မတ်လ ၈ရက်က ထုတ်ပြန်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအား လုပ်ဆောင်နေသည်ဟုဆိုသော်လည်း အမျိုးသမီးများ ဘဝလုံခြံုမှု လုံးဝကင်းမဲ့နေသည်ကို တွေ့ရကြောင်း၊ အမျိုးသမီးများ အခွင့်အရေး၊ ကျောင်းသား သပိတ်၊ အလုပ်သမားသပိတ်၊ လယ်ယာမြေ ပြန်လည်ရရှိရေးစသည့် ဆန္ဒပြ တောင်းဆိုနေမှုများတွင် အမျိုးသမီးများ မပါဝင်လာရန် အစိုးရ စနစ်တကျလုပ်ဆောင်နေကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU)၏ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ဒေါ်ဇင်မာဖြိုးက ပြောသည်။
“အခုဆိုရင် ငြိမ်းချမ်းရေးတွေ လုပ်ဆောင်နေတာနဲ့ တစ်ပြိုင်နက်မှာဘဲ အမျိုးသမီးတွေ အသံမပါလာဘူး။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါတဲ့အပြင် တိုင်းရင်းသားနယ်မြေတွေမှာ နေနေတဲ့ အမျိုးသမီးတွေက စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမး်ဖက်ခံရမှုတွေက ဒီလိုလစ်လျူရှုခံနေရတုန်းပဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက ဘယ်လိုဘဲ အသွင်းကူးပြောင်းသည်ပဲ ပြောပြော အမျိုးသမီးတွေ အခြေအနေက လုံခြံုရေး ပိုပြီးစိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်”ဟု သူက ပြောသည်။
မြန်မာနိုင်ငံသည် လက်ရှိဒီမိုကရေစီ အသွင်ကူးပြောင်းသည်ကို အစိုးရက ပြောဆိုနေသော်လည်း လက်ရှိ အမျိုးသမီးအခြေအနေသည် အဖက်ဖက်မှ ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရှိဖြင့် အကြမ်းဖက်ခံနေရပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လည်း အမျိုးသမီးများ ပါဝင်ခြင်း မရှိကြောင်း သူက ပြောသည်။
လတ်တလော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော အလုပ်သမားအမျိုးသမီးများ၊ ပညာရေးပြုပြင်ပြောင်း လဲမှုအတွက် တောင်းဆိုသည့် ကျောင်းသူများ အပါအဝင် မြန်မာနိုင်ငံရှိ အမျိုးသမီးများမှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများကို ခံနေရပြီး သပိတ်များတွင် ပါဝင်သော အမျိုးသမီးများအား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ကာအိန္ဒြေပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သည့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တောင်သူအမျိုးသမီး ဒေါ်ခင်ဝင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု၊ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်မှုများအား တရားမျှ တမှု ပေါ်ပေါက်ရန် ပွင့်လင်းမြင်သာမှု ရှိသည့် စုံစမ်းစစ်ဆေးမှုများနှင့် အပြစ်ပေး အရေးယူများမှုများကို လုပ်ဆောင်ပေးခြင်း မရှိသေး၍ အစိုးရအနေဖြင့် တာဝန်ယူပေးရန် ဒေါ်ခင်မာဖြိုးက တောင်းဆိုလိုက်သည်။
လက်ရှိ ဖြစ်ပွားနေသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအပေါ် တာဝန်ယူ အရေးယူဆောင်ရွက်ပေးရန်၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု များကို စောင့်ကြည့် ဝေဖန်ထောက်ပြရန် လိုအပ်ကြောင်း ဒေါ်ဇင်မာဖြိုးက တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် အခြေအနေတိုးတက်ကောင်းမွန်ရေး၊ အာမခံချက်ရှိသည့် ပညာရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အမျိုးသမီးများနှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးများ လုံခြံုငြိမ်းချမ်းစေရန်အတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းလုပ်ဆောင်ကြရန်လည်း BUW က တိုက်တွန်း ထားသည်။
၁၉၁၁ ခုနှစ် အမျိုးသမီးအလုပ်သမားများ၏ လုပ်ငန်းခွင့် အခြေအနေကောင်းမွန်ရေး ဆန္ဒပြမှုကို အခြေပြု၍ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။