ရန်ကုန်မြို့တွင် နွေရာသီ မွန်စာပေမွန်စကားသင်တန်းများ စတင်ဖွင့်လှစ်

ရန်ကုန်မြို့တွင် နွေရာသီ မွန်စာပေမွန်စကားသင်တန်းများ စတင်ဖွင့်လှစ်
by -
မွန်အေဂျင်စီ

ရန်ကုန်မြို့တွင် နွေရာသီ မွန်စာပေနှင့် မွန်စကား သင်တန်းများအား မတ်လ ရရက်နေ့ ည ၅နာရီ အချိန်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

ထိုမွန်စာပေနှင့် စကား သင်တန်းများသည် တစ်ပတ်လျှင် ၅ရက် သင်ကြားမည်ဖြစ်ပြီး တစ်ရက်လျှင် ၂နာရီခန့် သင်ကြားမည် ဖြစ်ကြောင်း ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဒုဥက္ကဌ နိုင်စိုးကြည်ကပြောသည်။

CIMG1046-300x225

“မိမိတို့ဟာ မွန်လူမျိူးတစ်ယောက် ဖြစ်တယ်ဆိုတဲ့ အတွက်ကြောင့် မျိူးချစ်စိတ်ကိုပဲ အခြေခံပြီးတော့ မွန်စာ မွန်စကားကို သင်ပေးရမှာပဲ၊ ကျွန်တော်တို့ အခု ဖေ့ဘုတ် (facebook)ပေါ်မှာ မနေ့(မတ်လ ရရက်နေ့)က တင်ထားပြီးပါပြီ၊ နောက် သတင်းစာမှာ ထည့်ဖို့ အစီအစဉ် ရှိပါသေးတယ်၊ စာပေတတ်မြောက်မှပဲ ကျွန်တော်တို့ မွန်တေးဂီတ၊ မွန်သီချင်းတွေ မွန်အဆိုအကတွေ ဘက်ကို ပြန်လည်သင်ကြားပေးနိုင် မယ်ပေါ့နော်၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ကို ထိန်းသိမ်းရာလည်း ရောက်တာပေါ့”ဟု နိုင်စိုးကြည်က ပြော သည်။

မွန်စာပေနှင့် စကား သင်ကြားရာ၌ အသက် ၅နှစ် အထက်မှ အရွယ်ရောက်သူတိုင်း သင်ကြားနိုင်ပြီး အတန်းနှစ်တန်း ခွဲထားကြောင်း သိရသည်။

အဆိုပါ သင်ကြားရာတွင် မွန်စကားမတတ်သူများအနေဖြင့် မွန်စကားကို ဦးစွာသင်ကြားရမည်ဖြစ်ပြီး မွန်စကားတတ်ပါက မွန်စာကို သင်ကြားနိုင်မည်ဖြစ်ကြောင်းနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားခြင်း မရှိကြောင်း မွန်စာပေနှင့်စကား သင်ကြားမည့် ဆရာ နိုင်စဟိုင်းက ပြောသည်။

နိုင်စဟိုင်းက “ဒီကလေးတွေကျတော့ ရန်ကုန်မှာ အနေများတဲ့ အခါကျတော့ ကျွန်တော်တို့ တကယ့် မွန်အသံအစစ်နဲ့ သင်တဲ့အခါကျတော့ နားမလည်တာလေးတွေရှိတယ်၊ အသုံးအနှုန်းတွေကြတော့ သူတို့အတွက် ခက်ခဲနေတာပေါ့၊ အဲဒါတွေကကြတော့ ကျွန်တော်တို့ ပြုပြင်လို့ ရပါတယ်၊ ခက်တာက ရန်ကုန်က နည်းနည်း ပြန့်ကျယ်တယ်၊ တော်တော်များများကလည်း သူရဲ့ပညာရေးနဲ့ နွေရာသီဆိုလို့ရှိ ရင် ကျောင်းလည်း စာမေးပွဲဖြေပြီး ခဏနားတယ်၊ ပြီးလို့ရှိရင် သင်္ကြန် ဘာညာဖြစ်ပြီးတော့ အဲဒီလိုမျိူး အချိန်ပေးဖို့ကျတော့ နည်းနည်း ခက်ခဲတယ်၊ အဲဒီလိုအခက်အခဲတွေက တွေ့ရတာပေါ့။ အချိန်မလောက်တဲ့ အခက်အခဲကလည်း အဓိက ဖြစ်နေပါတယ်”ဟု ပြောသည်။

CIMG1038-300x225

ယခုလက်ရှိ ရန်ကုန်တွင် ပြုလုပ်နေသော မွန်စာပေနှင့် စကားသင်တန်းများတွင် တက်ရောက်သူ သင်တန်းသား ၃၀ဝ ကျော်ရှိပြီး မြို့နယ် ၁၅ မြို့နယ်တွင် တစ်ချိန်တည်း သင်ကြားနေကြကြောင်း သိရသည်။

ထို့အပြင် အဆိုပါ သင်တန်းသည် အချိန်အားဖြင့် ၁လ ကြာမြင့်မည်ဖြစ်ပြီး ဧပြီလ ၄ ရက်နေ့တွင် စာမေးပွဲစစ်ဆေးမည် ဖြစ်ကာ ရရက်နေ့တွင် သင်တန်းဆင်းလက်မှတ်များ ထုတ်ပေးမည်ဖြစ်သည်။

ရန်ကုန်မြို့တွင် မွန်စာပေနှင့် စကား သင်တန်းများအား လွန်ခဲ့သော အနှစ် ၃၀ခန့်ကစ၍ သင်ကြားပေး ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် မွန်စာနှင့်စကား သင်တန်းသားများ ၃၅၀ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။