မျက်နှာဖုံးစွပ်လူသတ်မှုတွင် သေဒဏ်ချခံရသူများ၏ မိသားစုဝင်နှင့် အပေါင်းအသင်းများက သတင်းယူသည့် မီဒီယာကို ခြိမ်းခြောက်

မျက်နှာဖုံးစွပ်လူသတ်မှုတွင် သေဒဏ်ချခံရသူများ၏ မိသားစုဝင်နှင့် အပေါင်းအသင်းများက သတင်းယူသည့် မီဒီယာကို ခြိမ်းခြောက်
by -
မဇ္စျိမ

 မြောက်ဥက္ကလာပမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းကဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ်လူသတ်မှုအတွက် တရားခံ ၁၅ဦးကို မတ် ၅ရက် ညနေ ၅နာရီကျော်က မြောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၂) သေဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်သည်။

အဆိုပါအမှုအတွက် တရားစွဲဆိုခံထားရသည့် ကိုသက်ဦးအပါအဝင် ၁၅ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက "တရားခံ ၁၅ဦးလုံးကို သေဒဏ် ချမှတ်လိုက်တာ ဟုတ်ပါတယ်၊ အယူခံဝင်ဖို့ ကိစ္စကတော့ ကာယကံရှင်တွေရဲ့သဘောဆန္ဒအတိုင်းပါပဲ။ လောလောဆယ်တော့ ဘာမှမသိသေးပါဘူး" ဟု ပြောသည်။

အဆိုပါနေ့ရုံးချိန်းတွင် လာရောက်သတင်းယူနေသည့် သတင်းထောက် ၁၀ဦးကျော်ကို တရားခံများ၏ မိသားစုဝင်များနှင့် အပေါင်းအသင်းများက တရားရုံးမှ ထွက်သွားရန်နှင့် သတင်းရယူခြင်း၊ ရေးသားခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အဆိုပါလူများမှာ တရားရုံးဝန်းကျင်တွင် ခန့်မှန်းအင်အား ၃၀ဝန်းကျင်ခန့်ရှိသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက "ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ တရားရုံးတွေမှာ လုံခြံုရေးအင်အား ပုံမှန်ချထား သလို။ ပြစ်မှုကြီးတရားခံတွေ ရုံးထုတ်ရင် လုံခြံုရေးအင်အားကို ပိုမိုတိုးမြှင့်ချထားပါတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ထားသလို တစ်ခုခုဖြစ်ရင်လည်း ရဲတပ်ဖွဲ့ကို ချက်ချင်းလှမ်းအကြောင်း ကြားနိုင်ပါတယ်" ဟု ပြောသည်။

မြန်မာဂျာနယ်လစ်များကွန်ယက် (MJN)၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က "သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက်တာ နိုင်ငံသားတစ်ဦးကို ခြိမ်းခြောက်တာပါပဲ။ သတင်းထောက်တွေအနေနဲ့ ကိုယ့်ဘက်က မှန်တယ်ဆိုပြီးတော့ အတင်းလုပ်တာမျိုးမဟုတ်ဘဲ အခြေအနေနဲ့အချိန် အခါအလိုက် လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ ခြိမ်းခြောက်သူတွေရဲ့ အချက်အလက်ကို မှတ်သားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေကို အကြောင်းကြားသင့်ပါတယ်" ဟု ပြောသည်။

အမှုဖြစ်စဉ်မှာ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်၊ ည ၈နာရီခွဲခန့်က မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆)လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေသည့် အသက် ၃၀အရွယ်ရှိ ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ထားသည့် ဓားရှည်ကိုင် လူခြောက်ဦးက ဓားနှင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

အမှုအတွက်ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် ကနဦးစွဲချက်တင်ခံထားရသူ ၂၃ဦးရှိပြီး ၎င်းတို့အနက် ၁၆ဦးက တရား စွဲခံထားရသည့် ပုဒ်မကို မကျေနပ်သဖြင့် ရန်ကုန်တိုင်းတရားရုံးသို့ လျှောက်ထားခဲ့ရာ ရှစ်ဦးကို စွဲချက်တင်ထားခြင်းမှာ မခိုင်လုံသဖြင့် တိုင်းတရားရုံးက တရားရှင်ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါရှစ်ဦးက စွဲချက်ကိုပယ်ဖျက်ပေးရန်အတွက် ဇွန် ၂၄ရက်က ပြည်ထောင်စုလွှတ်တော်တရားရုံးသို့ လျှောက်တင်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၈တွင် ပြည်ထောင်စုလွှတ်တော်တရားရုံးက မူလစွဲချက်တင်ထားသည့် ပုဒ်မဖြင့်သာ ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါလူသတ်မှုကို မြောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၂)က ပြစ်မှုကြီးအမှတ် ၁၀၆/၁၂ ဖြင့် စစ်ဆေးနေပြီး မတ် ၅ရက်တွင် ကျူးလွန်သူများကို သေဒဏ်ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

Most read this week