လွှတ်တော်ကို NNER (Challenge)လုပ် (စိန်ခေါ်)ဟု သမ္မတရုံး ညွှန်ကြားရေးမှူးဆို

လွှတ်တော်ကို NNER (Challenge)လုပ် (စိန်ခေါ်)ဟု သမ္မတရုံး ညွှန်ကြားရေးမှူးဆို
by -
မဇ္စျိမ

အမျိုးသား ပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးကြားနာမည့် အစီအစဉ်ကို မတ် ရရက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER တက်ရောက်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားထားမှုကို NNER က ရွှေ့ဆိုင်းလိုက်မှုသည် အကျိုးမဖြစ်သည့် လမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပြီး လွှတ်တော်ကို စိန်ခေါ်သည့်သဘော သက်ရောက်နေသည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးက သူ၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် မတ်လ ၅ရက် နံနက်ပိုင်းတွင် ရေးသားတုန့်ပြန်လိုက်သည်။

"ဒါဟာ NNER အနေနဲ့ ကျောင်းသားအစစ်တွေကို ဓါးစာခံပြပြီး လွှတ်တော်ကို Challenge လုပ် (စိန်ခေါ်) လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးကို ဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေးနဲ့ ပြင်ချင်တဲ့သဘောပါပဲ" ဟု ရေးသားဖေါ်ပြထားသည်။

အမျိုးသားလွှတ်တော်တွင် ကြားနာမည့် အစီအစဉ်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်များကိုလည်း ဖိတ်ကြားထားသည်ဖြစ်ရာ ထိုသူတို့က တက်ရောက်မည်မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ထားပြီးဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍မူ "ဗကသ ခြောက်ယောက် ကြားနာပွဲ မတက်တာ နားလည်လို့ ရပါတယ်။ လွှတ်တော်မှာ ရှင်းလင်းနိုင်ဖို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ ဒီအပေါ်မှာ ယုံကြည်မှု ရှိရှိ ဆွေးနွေးနိုင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ခံလာအောင် ရှင်းလင်းနိုင်ဖို့ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်" ဟု ဦးဇော်ဋ္ဌေးက ရေးသားသည်။

NNER သည် ပညာရေးနယ်ပယ်တွင် ကျွမ်းကျင်သူများ ပါဝင်နေခြင်း၊ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်မည့် အချက်များကို ရေးဆွဲသူများ ပါဝင်နေသည်ဖြစ်ရာ "ကိုယ်ရေးထားတဲ့ ပြင်ဆင်ချက်တွေ ဘာကြောင့် ဘယ်လို ဆိုတာက ဥပဒေပြုပေးမယ့် လွှတ်တော်ကို မဖြစ်မနေ ရှင်းကိုရှင်းရမှာ" ဟုလည်း ဦးဇော်ဋ္ဌေးက ရေးသားထားသည်။

NNER သည် တိုင်းနှင့် ပြည်နယ်များတွင် ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲများ လုပ်ခဲ့ခြင်း၊ အစိုးရ ဦးဆောင်သည့် ပညာရေး ပြုပြောင်းလဲမှု အစည်းအဝေးများ တက်ရောက်ခဲ့ခြင်း၊ အမျိုးသားပညာရေးမူဝါဒ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း၊ လွှတ်တော်က အတည်ပြုပြီးဖြစ်သည့် အမျိုးသားပညာရေး ဥပဒေကို တိုင်းနှင့် ပြည်နယ်များသို့ လိုက်လံရှင်းလင်းပြီး ဆန့်ကျင်သည့် ခရီးစဉ်များပြုလုပ်ခြင်းစသည့် NNER ၏ လုပ်ဆောင်ချက် အသေးစိတ် အချက်အလက်များကို အချက် ၉ချက်ဖြင့် ဦးဇော်ဋ္ဌေးက ရှင်းလင်းထားသည်ကို တွေ့ရှိရသည်။

အမျိုးသားပညာရေးဥပဒေ ကြားနာပွဲသို့ NNER မတက်ရောက်ခြင်းနှင့် ပတ်သက်၍ ဦးဇော်ဋ္ဌေးက မေးခွန်းသုံးခု ထုတ်ကာ မေးမြန်းထားသည်ကိုလည်း တွေ့ရှိရသည်။ မိမိတို့ရဲ့ ပြင်ဆင်ချက်တွေဟာ မဖြစ်မနေ လိုအပ်ချက်တွေ ဖြစ်တယ် ဆိုတာကို အားလုံး လက်ခံနိုင်အောင် ရှင်းပြနိုင်မယ်လို့ ယုံကြည်ချက် မရှိလို့လား၊ ပြေလည်ရေးလမ်းကြောင်းကို သွားချင်နေတဲ့ ကျောင်းသားတွေ နောက်မဆုတ်နိုင်အောင် ထိပ်တိုက်ဆန့်ကျင်ရေးသွားနေတဲ့ ဗကသတွေဘက်က ရပ်တည်ပြီး သံပတ် တင်းပေးလိုက်တာလား၊ အမျိုးသား ပညာရေးဥပဒေကို ပြင်ချင်တာလား၊ ဒါမဟုတ် ပဋိပက္ခတွေ မပြီးပြတ်ဘဲ ဆက်လက် တောက်လောင်စေချင်တာလား ဟူသည့် မေးခွန်းများ မေးမြန်းထားသည်ကို တွေ့ရသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ကမူ "ရှုပ်ထွေးနေသော အကျပ်အတည်းများကြောင့်" ဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ အလားတူပင် ဆန္ဒပြနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထောက်ခံအားပေးသူများအား ဖိအားပေးခြင်း၊ တားဆီးပိတ်ဆို့ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် ဖြိုးခွင်းခြင်း၊ အရေးယူခြင်းမလုပ်ရန်လည်း တိုက်တွန်းထားသည်။

Most read this week