မြန်မာနိုင်ငံတွင် အဓမ္မလုပ်အား စေခိုင်းခံရသူများအနက် အရွယ်မရောက်သေးသူများအား စစ်မှုထမ်းစေမှု (ကလေး စစ်သား) အမှုများမှာ အများဆုံးဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံး (မြန်မာနိုင်ငံ) ( ILO ) ဒုတိယ ဆက်ဆံရေးအရာရှိ Ms.Piyamal Pichaiwongse က ပြောသည်။
အမှုတစ်မှုလျှင် တစ်ဦးကျူးလွန်ခံရသည့် အဓမ္မ လုပ်အားစေခိုင်းခံရမှုအနက် အရွယ်မရောက်သေးသူများအား စစ်မှုထမ်းစေမှု (ကလေး စစ်သား) အမှုများသည် အများဆုံးဖြစ်ပြီး အမှုတစ်မှုလျှင် လူအများကျူးလွန်ခံရသည့် အဓ္ဓမလုပ်အား စေခိုင်း ခံရမှုမှာ လေ့ကျင့်မှု ဓလေ့ ဖြစ်နေသည့် အဓ္ဓမစေခိုင်းခံရမှု ( အစိုးရ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုကို လုပ်အားပေးခေါ်ယူခြင်း၊ ငွေကောက်ခံခြင်း စသည်ဖြင့်) ဖြစ်သည်။
ဒုတိယ ဆက်ဆံရေးအရာရှိ Ms.Piyamal Pichaiwongse "မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအများဆုံးက ကလေးစစ်သားပါ။ ဒါပေမယ့် အခုအစိုးရစစ်တပ်နဲ့ ကလေးစစ်သား ကိစ္စပူးပေါင်းဆောင်ရွက်နေပါတယ်။ ကလေးစစ်သား အဖြစ်ဖမ်းဆီးခံရပြီး တပ်ပြေးဖြစ်သွားတာကို ILO က သိရင်လည်း စစ်တပ်ကို အကြောင်းကြားစာပို့ပြီး ခဏဆိုင်းငံထားခိုင်းတယ်။ သူတပ်ထဲ ဝင်တဲ့အချိန်တုန်းက အသက်ပြည့်ပြီလား မပြည့်သေးဘူးလား ဆိုတာကို ILOက စုံစမ်းဖော်ထုတ်တယ်” ဟု ပြောသည်။
စစ်သင်တန်းကျောင်းတွင် စစ်တိုက်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ သင်ကြားရခြင်းအပြင် ဘဝတိုးတက်ရေးအတွက် သင်ကြားရသည့် ဘာသာရပ်များပါဝင်သဖြင့် စစ်သင်တန်းတက်နေသည့် အသက်မပြည့်သေးသည့် ကလေးငယ်များသည် အဓမ္မစေခိုင်းခံရမှု မမြောက်ဟု ILO လူထုဆက်သွယ်ရေး အရာရှိ ဒေါ်အောင်ဆုရည်က ဆိုသည်။
လူထုဆက်သွယ်ရေးအရာရှိ ဒေါ်အောင်ဆုရည်က “ စစ်သင်တန်းကျောင်း တက်နေရတဲ့ကလေး တွေက အသက် ၁၈ နှစ်မပြည့်သေးပေမယ့် သူတို့က လက်တွေ့ရှေ့တန်းကို မသွားရသေးဘူး။ ပြီးတော့ စစ်ပညာအပြင် ဒီပြင့်ဘဝတိုးတက်ရေးအတွက် သင်ကြားရတာတွေ၊ အသိပညာဖွံ့ဖြိုးဖို့ သင်ကြားရတာတွေရှိတယ်။ အဲဒါက အဓမ္မစေခိုင်းခံရမှု မမြောက်ပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပွားနေသည့် အဓမ္မစေခိုင်းခံရမှုများမှာ ၁၈နှစ်အောက် စစ်မှုထမ်းစေခံရခြင်း(ကလေးစစ်သား)၊ အသက် ၁၈နှစ်ပြည့်ပြီးသော်လည်း စစ်မှုထမ်းရခြင်း( ပေါ်တာဆွဲခံရခြင်း) ၊ အရပ်သား၊ အကျဉ်းသားများကို အထမ်းသမား၊ ကင်းစောင့်သမားအဖြစ် ခိုင်းစေခြင်း၊ ရပ်ရွာအဆင့်နှင့် ဒေသအာဏာပိုင်များက အခြေခံအဆောက်အအုံများအတွက် ရန်ပုံငွေကောက်ခံခြင်း၊ ပြည်သူ့ဆောက်လုပ်ရေး၊ ဆောက်လုပ်ရေး စီမံကိန်းများနှင့် စွမ်းအင်စီမံကိန်းများတွင် ပြည်သူများကို လုပ်အားဖြစ်စေခိုင်းခြင်း အစရှိသည်တို့ ဖြစ်သည်။
ILO သည် ၂၀၁၄ခုနှစ်အတွင်း လက်ခံရရှိသည့် အတင်းအဓမ္မ စေခိုင်းခံရမှုမှာ ၅၂၇ခု ဖြစ်ပြီး ၃၉၉ခုကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ကျန်အမှုများမှာ ဖြေရှင်းဆောင်ရွက်နေဆဲ ဖြစ်သည်။
၂၀၁၄ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အမှု ၃ခုခန့် လက်ခံရရှိနေပြီး ၂၀၁၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ အမှုပေါင်း ၉၀၀ ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး အမှုပေါင်း ၁၁၀၀ကျော်မှာ ဆောင်ရွက်ဖြေရှင်းနေဆဲဖြစ်သည်ဟု ILO က သတင်းထုတ်ပြန်ထားသည်။