နိုင်ငံပိုင် မီဒီယာများ ရိုးသားမှုမရှိ၊ နိုင့်ထက်စီးနင်း အထက်စီးမှ သတင်းထုတ်ပြန်ဟု 7Day ကြေညာ

နိုင်ငံပိုင် မီဒီယာများ ရိုးသားမှုမရှိ၊ နိုင့်ထက်စီးနင်း အထက်စီးမှ သတင်းထုတ်ပြန်ဟု 7Day ကြေညာ
by -
မဇ္စျိမ

လစာတိုးပေးရန် ဆန္ဒပြသည့် ရွှေပြည်သာအလုပ်သမား ၁၀၀ကျော်ခန့်ကို ရဲတပ်ဖွဲ့ဝင်တို့က မတ်လ ၄ရက် ညနေပိုင်းက အင်အားသုံး ဖြိုးခွင်းမှုတွင် 7 Day သတင်းထောက်နှင့် DVB သတင်းထောက်တို့ ခေတ္တထိန််းသိမ်းခံရမှုကို 7 Day ကန့်ကွက် လိုက်ပြီး အဆိုပါ အဖြစ်အပျက်ကို နိုင်ငံပိုင် သတင်းဌာနများတွင် ဖေါ်ပြမှုများသည်လည်း ရိုးသားမှုမရှိ၊ နိုင့်ထက်စီးနင်း အထက် စီးမှ ထုတ်ပြန်မှုဟု မတ်လ ၅ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။

မတ်လ ၄ရက် ညနေပိုင်းက ရွှေပြည်သာ အလုပ်သမားများ ဆန္ဒပြမှုကို သွားရောက်သတင်းယူသည့် 7Day နှင့် DVB သတင်းထောက်တို့ကို ဆန္ဒပြမှုနှင့် ဆက်စပ်သည်ဟု ယူဆလျက် ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်းနောက် အဆိုပါသတင်းထောက်တို့သည် ဆန္ဒပြမှုနှင့် မပတ်သက်ဘဲ ပြန်လွှတ်ပေးခဲ့သည်ကို ‘‘နောင်တွင်တာဝန်ရှိသူများက ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်ရန် တာဝန်သိမီဒီယာသမားတစ်ဦးအနေဖြင့် ကျင့်ဝတ်နှင့်အညီ ဖယ်ရှားပေးသွားရန် သတိပေးမှတ်တမ်း တင်၍ ပြန်လည်စေလွှတ်’’ ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန ရုပ်မြင်သံကြားတွင် သတင်းထုတ်ပြန်ခဲ့မှုကို 7 Day က တုန့်ပြန်ခြင်းဖြစ်သည်။

"အစိုးရက သတင်းထောက်နှစ်ဦး ယာယီထိန်းသိမ်းမှုနှင့်ပတ်သက်၍ သုံးနှုန်းခဲ့သော စကားလုံးအချို့နှင့် ထိုဖြစ်ရပ်၌ သတင်းထောက်များက ကျင့်ဝတ်နှင့်အညီ သတင်းမယူသယောင် လုပ်ကြံဖော်ပြမှုကို ပြင်းထန်စွာကန့်ကွက်ပါသည်" ဟု 7 Day၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင်လည်း အဆိုပါဆန္ဒပြမှုတွင် သတင်းထောက်နှစ်ဦးသည် "တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့်" ဟု ဖေါ်ပြထားရာ "တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိ" ဟူသည့်အသုံးအနှုန်းကို သုံးနှုန်းထားခြင်းကြောင့် သွယ်ဝိုက်ပါဝင်ပါသက်မှုရှိသကဲ့သို့ ဖြစ်နေခြင်းကြောင့် "ရိုးသားမှုမရှိသောအသုံးအနှုန်း" ဟု 7 Day ကဆိုကာ ပြင်ထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် "တာဝန်သိမီဒီယာသမားတစ်ဦးအနေဖြင့် ကျင့်ဝတ်နှင့် အညီ ဖယ်ရှားပေးသွားရန် သတိပေးမှတ်တမ်းတင်၍ ပြန်စေလွှတ်" ဟု ဖေါ်ပြပါရှိရာ 7 Day သတင်းထောက်သည် ကျင့်ဝတ်နှင့်မညီဘဲ သတင်းရယူသည့်သဘော သက်ရောက်ကာ အဖြစ်မှန်နှင့် "လုံးဝလွဲချော် မှားယွင်းနေကြောင်း သိစေအပ်သည်" ဟု 7 Day က ဆိုသည်။

သတင်းရယူနေသော သတင်းထောက်နှစ်ဦးစလုံးတွင် 7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာမှ သတင်းထောက်ဖြစ်ကြောင်း ကတ်ပြားများကို ၎င်းတို့လည်ပင်း၌ ချိတ်ဆွဲထားပြီး သတင်းစာကျင့်ဝတ်နှင့်အညီ သတင်း ရယူနေခြင်းဖြစ်သည်ဟု 7 Day က ဖြေရှင်းထားသည်။ နိုင်ငံပိုင်မီဒီယာများ၏ သတင်းထုတ်ပြန်မှုများသည် " နိုင့်ထက်စီးနင်းအထက်စီးမှ သတင်းထုတ်ပြန်မှု" ဟု 7 Day ကဆိုကာ ထပ်မံကန့်ကွက်ထားသည်။