ဆန္ဒပြမှုတွင် သံဃာများ မပါဝင်ရန် ရန်ကုန်တိုင်း သံဃာ့နာယက ကြေညာသော်လည်း ဆက်လက်ပူးပေါင်းရန် ရွှေဝါရောင် သံဃာတော်များ တိုက်တွန်း

ဆန္ဒပြမှုတွင် သံဃာများ မပါဝင်ရန် ရန်ကုန်တိုင်း သံဃာ့နာယက ကြေညာသော်လည်း ဆက်လက်ပူးပေါင်းရန် ရွှေဝါရောင် သံဃာတော်များ တိုက်တွန်း
by -
မဇ္စျိမ

အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်ပေးရန် လက်ပံတန်းမြို့တွင် သပိတ်စခန်းချထားသည့် ဆန္ဒပြ ကျောင်းသားများနှင့် ပူးပေါင်းတောင်းဆိုနေသည့် သံဃာတော်များသည် ဆက်လက်ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ရွှေဝါရောင် သံဃာတော်များ ကွန်ရက်အဖွဲ့ဝင် သံဃာအချို့က မဇ္ဈိမကို ပြောသည်။

မတ်လ ၃ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ( ဂိုဏ်းပေါင်းစုံ)က လက်ပံတန်းမြို့တွင် ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် သံဃာတော်အချို့ကို ထုတ်ပြန်ချက်တွင် ပြည်သူများအကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားမည်လော ဟူသော စိုးရိမ်ပူပန်မှုများ မရှိစေရေးအတွက် သီတင်းသုံးရာကျောင်းသို့ ပြန်လည်ကြွရောက်ရန် မေတ္တာရပ်ခံချက် ထုတ်ပြန်မှုအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Student-Strike-lapatan

ရွှေဝါရောင် သံဃာတော်များ ကွန်ရက်အဖွဲ့ဝင် ဘဒ္ဒန္တပဏ္ဍဝံသ (ပြည်ကျော်) က “၈၈ တုန်းကလည်း ထုတ်ခဲ့တာပဲ။ ဒါပေမယ့် သံဃာတော် တချို့က ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိရင်လည်း ပူးပေါင်း ဆောင်ရွက်ခဲ့တာပါပဲ။ အခုပူးပေါင်းနေတဲ့ သံဃာတော်တွေ ကိုလည်း ထောက်ခံပါတယ်။ ဆက်လက်ပူးပေါင်း ဆောင်ရွက်သင့်ပါတယ်”ဟု ပြောသည်။

ရွှေဝါရောင်သံဃာတော်များ ကွန်ရက်အဖွဲ့ဝင် ဦးခေမာစာရက “သမိုင်းအဆက်ဆက်မှာ ကျောင်းသား၊ ဘုန်းကြီးနဲ့ ပြည်သူတွေ ပူးပေါင်းခဲ့တာပါ။ အရင်ကလည်း ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တာပါပဲ။ ဒါပေမယ့် လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ” ဟု ပြောသည်။

ဘဒ္ဒန္တအင်္ဂီသ (ရွှေကျင်)၊ ဘဒ္ဒန္တပညောဘာသ(ဝေဋ္ဌုဝန်)၊ ဘဒ္ဒန္တဥတ္တမာစာရ (မဟာဒ္ဒါရ) စသည့် ဥက္ကဋ္ဌ ဆရာတော်များအပါအဝင် သံဃာတော် ခုနစ်ပါးက လက်မှတ်ရေးထိုးထားသည့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ထုတ်ပြန်ချက်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသားများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရန်နှင့် သံဃာတော်များအကြား သဘောထား ကွဲလွဲမှုမရှိရန် မေတ္တာရပ်ခံချက်လည်း ပါဝင်သည်။

ယင်းအပြင် အဆိုပါ ဆရာတော်များကပင် အခြား ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ကျောင်းသားများ အနေဖြင့် ရန်ကုန်သို့ ဝင်ရောက်ရန်ကြိုးပမ်းမှု မပြုဘဲ မိဘရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခိုလှုံပြီး ပေါ်ထွက်လာမည့် ရလဒ်ကောင်းများကို စောင့်ကြည့်သင့် သည်ဟု မေတ္တာရပ်ခံထားသည်။

ကျောင်းသားများ သပိတ်အခြေအနေနှင့် ပတ်သက်ပြီး ဓမ္မသဟာယကျောင်း၊ နာယက၊ မစိုးရိမ်တိုက်သစ် ဆရာတော် ဘဒ္ဒန ္တဝိစိတ္တာ ဘိဝံသ ဦဝီရသူကလည်း ထုတ်ပြန်ချက် ထုတ်ပြန်ထားပြီး မိမိဆန္ဒ တစ်ခုတည်းကို ကြည့်ပြီး ရဟန်း၊ ရှင်လူများ၏ စိုးရိမ်မှုကို မကြည့်ပါက မျှတသော တောင်းဆိုချက် ဖြစ်မည်မဟုတ်ဟုဆိုထားပြီး သားသမီးအရင်းဖြစ်သော်လည်း၊ အမှန်တကယ် လိုအပ်သည့် အချိန်တွင် တောင်းခြင်းဖြစ်သော်လည်း မိဘ အလုပ်ရှုပ်ချိန်၊ စိတ်ရှုပ်ချိန်တွင် တောင်းဆိုမိပါက လိုအင်ဆန္ဒ မပြည့်သည့်အပြင် ရိုက်နှက်ဆုံးမခံရနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။