လှိုင်သာယာ သပိတ်ခေါင်းဆောင်အချို့ ဖမ်းဆီးခံရ

လှိုင်သာယာ သပိတ်ခေါင်းဆောင်အချို့ ဖမ်းဆီးခံရ
by -
မဇ္စျိမ

မတ်လ ၄ ရက်က လုပ်ခ လစာတိုးမြှင့်ရေးအတွက် ရွှေပြည်သာမြို့နယ်မှ မြို့တော်ခန်းမသို့ ချီတက်ဆန္ဒပြသည့် အလုပ်သမားများကို လုံခြံုရေးရဲတပ်ဖွဲ့များက နေရာသုံးခုတွင် ပိတ်ပင်ပြီးနောက် ထိုနေရာ၌ပင် သပိတ်စခန်း ဖွင့်လှစ်ရာ ညနေပိုင်းတွင် သိပတ်ခေါင်းဆောင်အချို့အား ဖမ်းဆီးခံလိုက်ရသည်ဟု သပိတ်စခန်းမှ အလုပ်သမား အမျိုးသမီးတစ်ဦးက ညနေ ၅နာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသည့် သပိတ်ခေါင်းဆောင်များကို လုံခြံုရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များက မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်းနှင့် အလုပ်သမားအချို့မှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရွှေပြည်သာရှိ အီလန်မြန်မာ စက်ရုံရှေ့ သပိတ်စခန်းကိုလည်း ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှ လုံခြံုရေးရဲများက ညနေ ၅နာရီခွဲခန့်တွင် ရောက်ရှိလာသဖြင့် ဆန္ဒပြအလုပ်သမားများက ထွက်ပြေးတိမ်းရှောင် နေရသည်ဟု အီလန်မြန်မာစက်ရုံရှေ့ ဆန္ဒပြသည့် အလုပ်သမား တစ်ဦးက မဇ္ဈိမကို ပြောသည်။

ရွှေပြည်သာစက်မှုဇုန် ၂ ရှိ Ford Glory Garment  နှင့် Costic အထည်ချုပ်စက်ရုံနှစ်ခုမှ အလုပ်သမားအင်အား ၁၀၀ ကျော်က မတ်လ ၄ရက် နံနက်ပိုင်းက မြို့တော်ခန်းမသို့ ချီတက်ဆန္ဒပြရာ ၎င်းတို့ကို ရွှေပြည်သာမြို့အဝင် အမှတ် ၄ လမ်းတွင် လည်းကောင်း၊ အင်းစိန်မြို့နယ် ဒညင်းကုန်းရထားသံလမ်းနှင့် ဆောက်လုပ်ရေးမှတ်တိုင်ကြားတွင် လည်းကောင်း၊ ဒညင်းကုန်လမ်းဆုံတွင် လည်းကောင်း လုံခြံုရေး ရဲများက လမ်းများပိတ်ဆို့ကာ တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ရဲတပ်ဖွဲ့များက နေရာသုံးနေရာတွင် ပိတ်ဆို့တားမြစ်လိုက်သည့်အတွက် ချီတက်ဆန္ဒပြလာသည့် အလုပ်သမားများက ဒညင်းကုန်းရထားသံလမ်းနှင့် ဆောက်လုပ်ရေးမှတ်တိုင်ကြား၌ပင် ထိုင်သပိတ် ဆင်နွှဲလိုက်ကြခြင်းဖြစ်သည်။

ယင်းထိုင်သပိတ်သို့ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုယ်တိုင် လာရောက်တားမြစ်ခဲ့သည်။

''ညှိဖို့လုပ်ပေးတယ်။ မရဘူး အသေစွဲကိုင်ထားတယ်။ ဘယ်လိုမှ လုပ်လို့မရဘူး။ ဥပဒေနဲ့ မညီရင် အရေးယူသွားမယ်။ အခုတားထားတယ်။ ကလေးတွေ စာမေးပွဲရှိတဲ့အတွက် ခွင့်ပြုလို့မရဘူး''ဟု နယ်လုံဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် Ford Glory  Garment နှင့် Costic အထည်ချုပ် စက်ရုံနှစ်ခုနှင့် ညှိနှိုင်းမှု ပြေလည်ပြီဟု ထုတ်ပြန်ထားပြီး အမှန်တကယ်တွင် ပြေလည်မှုမရှိသေးသည့်အတွက် ချီတက်ဆန္ဒပြရခြင်း ဖြစ်သည်ဟုလည်း ဆန္ဒပြသူများက ပြောသည်။

Most read this week