မွန်စာပေ သင်ရိုးညွှန်းတမ်း ၂၀ရာခိုင်နှုန်းခန့် ပြီးစီး

မွန်စာပေ သင်ရိုးညွှန်းတမ်း ၂၀ရာခိုင်နှုန်းခန့် ပြီးစီး
by -
မွန်အေဂျင်စီ

၂၀၁၅–၂၀၁၆ ပညာသင်နှစ်တွင် မွန်ပြည်နယ်ရှိ အစိုးရကျောင်းများ၌ အသုံးပြုမည့် မွန်စာပေသင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း ပထမအကြိမ်အကောင်အထည်ဖော်လုပ်ဆောင်ရာတွင် ၂၀ရာခိုင်နှုန်းခန့် ပြီးစီးနေကြောင်း မွန်စာ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် မင်းအောင်ဇေက ပြောသည်။

မင်းအောင်ဇေက “ အခုရေးဆွဲနေတာ ၂၀ ရာခိုင်နှုန်းလောက်တော့ ပြီးနေပြီ၊ ဒီအလုပ်က အမှန်က အစိုးရအလုပ်ပါ၊ ကျနော်တို့က သူတို့အလုပ်ကို ဝိုင်းလုပ်ပေးနေတာပါ၊ မွန်ပြည်နယ်အစိုးရကလည်း အစိုးရကျောင်းတွေမှာ မွန်စာသင်ဖို့ကို ခွင့်ပြုထားပြီးသားပါ” ဟု ဆိုသည်။

photo-for-News

မူလတန်းအဆင့် မွန်စာသင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများ၊ ပညာရေးကောလိပ်မှ ဆရာ/ဆရာမများ၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ MNEC မွန်အမျိုးသား ပညာရေးကော်မတီဝင် ဆရာ/ဆရာမများ၊ မွန်စာပေပညာရှင်များ၊ တတ်သိပညာရှင်များ မော်လမြိုင်မြို့တွင် ပါဝင်ရေးဆွဲနေသော ထိုမွန်စာသင်ရိုးညွှန်းတမ်းကို မွန်လူဦးရေများပြားသည့် ဒေသများရှိ အစိုးရမူလတန်းအဆင့် ကျောင်းများတွင် သင်ကြားရန် ရည်ရွယ်ရေးဆွဲကြခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယခင်အသုံးပြုနေသည့် သင်ရိုးညွှန်းတမ်းအဟောင်းသည် ခေတ်နှင့် ညီညွတ်မှုမရှိကြောင်း၊ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးမှု တိုးတက်မှုလည်း မရှိနိုင်ကြောင်း၊ ယခုရေးဆွဲနေသည့် သင်ရိုးညွှန်းတမ်းသည် ခေတ်နှင့် ကိုက်ညီသည့် အမြင်များလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းအဟောင်းကို ပစ်ပယ်လိုက်ခြင်း မဟုတ်ကြောင်း၊ အဟောင်းမှ ကိုးကားချက်များကို ရယူ၍ အသစ်ပြန်လည်ပြုပြင် ရေးဆွဲသွားမည်ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။

အလားတူ မွန်စာသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ဝင် မွန်အမျိုးသားကျောင်း အထက်တန်းကျောင်းအုပ် ဆရာမကြီး မိလဝီဟန်က “လာမည့် ပညာသင်နှစ်အမှီ အပြီးရေးဆွဲဖို့ကိုတော့ ဆုံးဖြတ်ထားတယ်၊ ဒါပေမဲ့ မူလတန်းအတွက်အကုန်လုံး မမှီနိုင်ရင်တောင် မှီသလောက်ကို ရေးဆွဲသွားမှာပါ” ဟု ဆိုသည်။

လာမည့်၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အခြေခံမူလတန်းအဆင့်ဖြစ်သည့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းမျှသာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အကုန်လုံးပြီးစီးရန် အချိန် ၂နှစ်ခန့် ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်နယ်လွှတ်တော်အမတ် နိုင်ချမ်းမြင့်က “ဒီသင်ရိုးညွှန်းတမ်းပြီးမယ်ဆိုရင် လွှတ်တော်မှာ ကျနော်တို့ အသိအမှတ်ပြုမှု ရယူဖို့အတွက် တင်သွင်းသွားမယ်၊ အမှန်က ပြည်နယ်လွှတ်တော်နဲ့ အစိုးရကတော့ ခွင့်ပြုထားပြီးသားပါ၊ မွန်ပြည်နယ် တစ်ခုလုံးမှာ မွန်စာသင်ရိုးညွှန်းတမ်းကို တစ်ပုံစံထဲ ဖြစ်စေချင်တာပါ” ဟု ဆိုသည်။

ဆက်လက်၍ နိုင်ချမ်းမြင့်က ယနေ့တိုင်းရင်းသားများအားလုံး မိမိစာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသည်မှာ မိမိတို့ တိုင်းရင်းသားများ၏ တာဝန်သာဖြစ်ကြောင်း၊ မိမိတို့ စာပေယဉ်ကျေးမှုသည် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နိုင်မှသာလျှင် ထိရောက်မည်ဖြစ်ကြောင်း၊ ယနေ့အချိန်၌ မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်နေချိန်တွင် မည်သို့မည်ပုံ ဖက်ဒရယ်မျိုး ဖြစ်မည်ကို အတိအလင်းဖြစ်ရန် ကြိုးစားနေကြောင်း၊ ယခင်အချိန်က မွန်စာပေသင်ကြားရေးကို အစိုးရမှ ပိတ်ပင်ထားသော်လည်း၊ ယခု ၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင် အခွင့်အရေး အနည်းငယ်ရရှိလာနေပြီဖြစ်ကြောင်း ဆိုသည်။

အစိုးရစာသင်ကျောင်းများတွင် အသုံးပြုရန် ရေးဆွဲလျှက်ရှိသည့် မူလတန်းအဆင့် မွန်စာသင်ရိုးညွှန်းတမ်းကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ စတင်ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။