သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း သီးသန့်ကာ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲကိစ္စဆွေးနွေး

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးတည်း သီးသန့်ကာ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲကိစ္စဆွေးနွေး
by -
မဇ္စျိမ

သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၂ရက် ညနေ ၆နာရီခွဲက သမ္မတ၏ လယ်တောအိမ်ယာတွင် နာရီဝက်ကျော်ကြာ တွေ့ဆုံမှုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ထုတ်ပြန်ထားသည်။

ဝန်ကြီး ဦးရဲထွဋ်က"နှစ်ဦးတည်းတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြောင်း အသိပေးတင်ပြအပ်ပါတယ်" ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

daw su and thein sein

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍  ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာအေးမောင်က “ဦးရဲထွဋ် ထုတ်ပြန်ချက်ကတော့ အယောင်ပြလို့ပဲထင်ပါတယ်” ဟု ဝေဖန်လိုက်ပြီး တွေ့ဆုံဆွေးနွေးမှုသည် ယင်းအချက်နှစ်ချက်ထက် ပိုနိုင်သည်ဟု ဆိုသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့ကမူ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ နီးပြီဖြစ်၍ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ရန် သမ္မတအနေဖြင့် ခေါ်ယူတွေ့ဆုံခြင်းမျိုး ဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှလည်း ရွေးကောက်ပွဲ နှောင့်နှေးမှုမျိုးကို လိုလားမည်မဟုတ်၍ အစိုးရနှင့်ပူးပေါင်းရန် လိုလားကြောင်း သုံးသပ်ကြသည်။

"ဒီလိုတွေ့ဆုံတာဟာ တော်တော်ကြီးကြာနေမှ ပထမဆုံးပြန်တွေ့တာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က လည်း ဖွဲ့စည်းပုံမှာ ၄၃၆ ပြင်နိုင်ရေးကို အလျှော့အတင်းအနေနဲ့ အစိုးရဘက်နဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးတွေလည်း လုပ်လာနိုင်တယ်"ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကလည်း "ဒီလိုတွေ့ဆုံမှုဟာ တိုင်းပြည်နဲ့ပြည်သူ့အကျိုးကို လက်တွေ့ကျကျ ရှေ့ရှု့ဖို့လိုတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ရက်ပေါင်း ရ၀၀ကျော်နေပြီဖြစ်ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ မတင်နိုင်သေးဘူး။ တိုင်းပြည်နဲ့ ပြည်သူကို ရှေးရှုရင် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး တင်ပြပြီနေပြီ"ဟု ထောက်ပြပြောဆိုသည်။

ရွေးကောက်ပွဲ တရားမျှတရေး ဆွေးနွေးမှုကိုမူ "ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ကော်မရှင်ဥက္ကဌနဲ့ ကော်မတီဝင် သစ်တွေ လဲလိုက်မှ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမယ်လို့ ယုံကြည်တယ်"ဟု ၎င်းက ပြောသည်။

ယင်းသို့ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မေးမြန်းရန် မီဒီယာများက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝတွင် သွားရောက်စောင့်ဆိုင်းမေးမြန်းခဲ့သော်လည်း သမ္မတရုံးက ချက်ချင်းသတင်းထုတ်ပြန်လိမ့်မည်ဟုသာ အဖြေပေးခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုတွေ့ဆုံမှုကဲ့သို့ နောက်ထပ် ဆွေးနွေးမှုများ ဆက်လာလိမ့်ဦးမည်ဟုလည်း ဦးကျော်လင်းဦးက ခန့်မှန်းထားသည်။

၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအပါအဝင် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံ ရန် တောင်းဆိုထားသော်လည်း သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က လေးပွင့်ဆိုင်တွေ့ဆုံမှုကို လက်မခံသေးဘဲ တင်းခံထားခြင်း ဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာအေးမောင်ကမူ “ကျွန်တော်လက်မခံဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုအရေးတကြီး ခေါ်တွေ့တာက လက်ပံတန်းကိစ္စ၊ ကျောင်းသားကိစ္စလို့ ထင်တယ်၊ ဒီကိစ္စမှာ ကြားဝင်ဖြန်ဖြေသူအဖြစ် ဒေါ်စုကို အကူအညီတောင်းပုံရတယ်။ ရွေးကောက်ပွဲကိစ္စဆိုရင် သမ္မတကြီးနဲ့ ဆွေးနွေးစရာ မလိုဘူး၊ ဦးတင်အေးနဲ့ပဲ လုံလောက်တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုရင် လည်း သူရဦးရွှေမန်းနဲ့ တပ်ချူပ်မပါလို့မပြီးဘူး”ဟု  မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အစိုးရနှင့် ကိုးကန့်တပ်မတော်တို့ လောက်ကိုင်ဒေသတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး လောက်ကိုင်ဒေသအား စစ်အုပ်ချုပ်ရေးပါ ကြေငြာထားရပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် သမ္မတက အဆိုပြုသော်လည်း ယနေ့အချိန်ထိ ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။ ယင်းအပြင် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြနေ သည့် ကျောင်းသား များနှင့် အစိုးရဆွေးနွေးမှုမှာ ခရီးမတွင်သေးဘဲ အလုပ်သမားများ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေးသည် လည်း ဖြေရှင်းရန် ကျန်ရှိနေသေးသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၄ခုနှစ် မတ်လ ၁၀ရက်က နောက်ဆုံးတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကာ သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတွင် ခြောက်ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်သည်။

Most read this week