မွန်ပြည်နယ်ရှိ ကျောင်းများတွင် နှစ်ပေါင်း နှစ်ဆယ်နီးပါး ကျင်းပခဲ့ခြင်းမရှိရာမှ ပြန်လည်ကျင်းပသော ယခု ၂၀၁၄-၁၅ ပညာသင်နှစ် အစိုးရစစ်စာမေးပွဲ ဖြေဆိုသည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများ ပိုမိုဝန်ပိခံနေရသည်ဟု ကျောင်းသား မိဘများက ဆိုသည်။
“အစိုးရစစ် မလုပ်ခင်ကဆိုရင် ကလေးတွေ စာမေးပွဲဖြေတာ ၃လတစ်ခါဆိုတော့ စာအုပ်တစ်အုပ်လုံးကို ဖတ်စရာမလိုဘူး ဖြေပြီးသလောက်ပဲ သူတို့တွေဖတ်ရတယ် ခုတစ်အုပ်လုံးကို ဖတ်ပြီးတော့ တခါတည်းဖြေ ရတော့ သူတို့အတွက် ဝန်ပိုပိတယ်” ဟု မော်လမြိုင်မြို့၊ အမှတ် (၈) အထက်တန်းကျောင်းမှ စတုတ္ထတန်း ကျောင်းသူ၏ မိခင် ဒေါ်မိနီနီလွင်က ဆိုသည်။
မူလတန်း၊ အလယ်တန်း စာမေးပွဲများကို အစိုးရစစ်စာမေးပွဲအနေဖြင့် အဋ္ဌမတန်း (၈တန်း)ကို ပြည်နယ်စစ်၊ စတုတ္ထတန်း (၄ တန်း)ကို ခရိုင်စစ်မေးခွန်းဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီ ၁၉ရက်မှ ၂၆ရက်အထိ ဖြေဆိုခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ် ၁၁ရက်တွင် စတင်ဖြေဆိုရမည် ဖြစ်သည်။
ထို့နောက် ငွေကြေးချို့တဲ့သည့် မိဘများမှာ ကျူရှင်နှင့် ညကျောင်း မထားနိုင်သည့်အတွက် ကလေးများ စာမလိုက်နိုင်ဘဲ ကျောင်းတစ်ဝက်တစ်ပျက် ထွက်ခဲ့ရသည်ဟု ဒေါ်မိနီနီလွင် ဆက်ပြောသည်။
“ကျမတို့အိမ်ဘေးက လေးတန်းကလေးဆိုရင် ကျူရှင်မထားပေးနိုင်တော့ ကျောင်းထွက်လိုက်ပြီး တစ်ဖက်နိုင်ငံကို အသက်ငယ်ငယ်လေးနဲ့ အလုပ်သွားလုပ်တယ်” ဟု ဆက်ပြောသည်။
သို့ရာတွင် မွန်ပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (သင်ကြား/သင်တန်း) ဒေါက်တာ ချိုချိုမြတ်အောင်က မေးခွန်းများသည် စာမေးပွဲဖြေဆိုသည့် ကျောင်းသူ၊ ကျောင်းသားများ အခက်အခဲမရှိ ဖြေဆို နိုင်ကြသည်ဟု ဆိုသည်။
“လေးတန်းကလေးတွေအတွက်က မသင်မနေရစနစ်လည်းဖြစ်တယ် ဒီဟာကိုကျော်လွှားသွားရမယ့် အနေအထားရှိတော့ အကယ်၍ ဖြေဆိုတဲ့ကလေးက ဖြေဆိုတဲ့ဘာသာတွေမှာ အားနည်းသွားလို့ရှိရင် ဒီထက်နည်းနည်းနိမ့်တဲ့ မေးခွန်းထုတ်ပြီးတော့ လာမယ့်မေလမှာ ပြန်ကုစားပေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ဆက်ပြောသည်။
မွန်ပြည်နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၅၁၉ကျောင်း ရှိပြီး ယခုအစိုးရစစ် စာမေးပွဲတွင် အဌမတန်း ဖြေဆိုသူ၂၁၅၁၅ဦးနှင့် စတုတ္ထတန်းတွင် ၃၇၉၄၇ဦးရှိကြောင်း အစိုးရပညာရေးဌာနက ထုတ်ပြန်ထားသည်။