တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စီစဉ်နေဟု သမ္မတ ပြောကြား

တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စီစဉ်နေဟု သမ္မတ ပြောကြား
by -
မဇ္စျိမ

ကိုးကန့်ဒေသတွင် လုံခြံုရေးနှင့် တည်ငြိမ်အေးချမ်းရေးကို လက်ရှိအချိန်တွင် ထိန်းချုပ်ထားနိုင်ပြီးပြန် လည်ထူထောင်ရေး လုပ်ငန်းများအတွက် အစီအမံများ စီစဉ်ထားရှိပြီးဖြစ်သည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် မတ်လ ၁ရက်က ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ပြည်သူတွေကို ပြန်လည်နေရာချထားဖို့နဲ့ တည်ငြိမ်းအေးချမ်းမှုကို ထိန်းသိမ်းဖို့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ရှိတယ်။ မကြာခင် လောက်ကိုင်ဒေသသွားမယ်။ သွားပြီးတဲ့အခါ မှာ လောက်ကိုင်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ တိုက်ပွဲရှောင်ပြည်သူတွေ နေရာပြန်ချထားဖို့ ကိစ္စတွေ ဒီဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ ပြည်သူ အလုပ်သမားတွေလုပ်ငနး်ခွင် ၀င်နိုင်အောင်ဆောင်ရွက်ပေးဖို့ရှိတယ်”ဟု မဇ္ဈိမကိုပြောသည်။

President-Thein-Sein-3

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဦးစီးဆောင်ရွက်မည့် ပြည်ထောင်စု ဝန်ကြီးကို တရားဝင် ထုတ်ဖော်ပြောကြားမှု မရှိသော်လည်း ဒုတိယဝန်ကြီးများ ပါဝင်မည့် ယင်းအဖွဲ့သည် မတ်လ ပထမပတ်တွင် လောက်ကိုင်ဒေသသို့ သွားရောက်မည်ဟု ဆိုသည်။

လောက်ကိုင် စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် မန်ဆူ ဘုန်းတော်ကြီးကျောင်း ဂေါပကအဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး (၃) ဦးစိုင်းဆီးက “အစိုးရအနေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ပေးမယ်ဆိုရင် အရင်ဆုံး အရေးကြီးတာက အစားအသောက် အဆင်ပြေအောင် စီမံပေးဖို့ပါ။ ပြီးရင်တော့ မိုးလုံလေလုံရှိမယ့် နေရာထိုင်ခင်းပေါ့”ဟု ပြောသည်။

ကိုးကန့်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကြား နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နဲ့အညီ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားရှိပြီးဖြစ်ပြီး ကာလရှည်ကြာရှိခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေး၊ တန်းတူရည်တူ အပြန်အလှန် လေးစားသမှုရှိရေးနဲ့ တစ်နိုင်ငံရဲ့နယ်မြေကို အသုံးချကာ အခြားတစ်နိုင်ငံ၏ အကျိုးစီးပွား ထိပါးစေမည့် အဖျက်အမှောက် လုပ်ငန်းများကို နှစ်နိုင်ငံလုံးက ခွင့်ပြုမည်မဟုတ်ဟူသည့် နားလည်မှု နှစ်နိုင်ငံကြားထားရှိပြီးဖြစ်သည် ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Most read this week