တိုက်ပွဲများ၊ ဆန္ဒပြမှုများကို ရည်ညွှန်းကာ ထိပ်တိုက်ရင်ဆိုင်မှုမှ ရှောင်ကြရန် သမ္မတ သတိပေး

တိုက်ပွဲများ၊ ဆန္ဒပြမှုများကို ရည်ညွှန်းကာ ထိပ်တိုက်ရင်ဆိုင်မှုမှ ရှောင်ကြရန် သမ္မတ သတိပေး
by -
မဇ္စျိမ

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် တိုက်ပွဲများဖြစ်ပေါ်ကာ နှစ်ဘက် ကျဆုံးမှု၊ အမျိုးသားဥပဒေကို ကန့်ကွက်ဆန္ဒပြမှု၊ ရွှေပြည်သာတွင် အလုပ်သမားများ လုပ်ခလစာ တိုးမြင့်ပေးရန် ဆန္ဒပြတောင်းဆိုမှု စသည့် ပဋိပက္ခနှင့် တင်းမာမှုများ ဖေဖေါ်ဝါရီလအတွင်း ဖြစ်ပေါ်ပြီးနောက် ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းမှ ရှောင်ရှားကြရန် သမ္မတ ဦးသိန်းစိန်က မတ်လ ၁ရက် ရေဒီယိုမိန့်ခွန်းတွင် သတိပေးလိုက်သည်။

 “အဓိကအကျဆုံးကတော့ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းနဲ့ အင်အားသုံး ဖြေရှင်းရခြင်းဆို တဲ့ နည်းလမ်းများကို ရှောင်လွှဲနိုင်ရေးပဲ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်းက ဆိုသည်။

စစ်အုပ်ချုပ်ရေးဖြင့် ထိန်းသိမ်းထားသည့် ကိုးကန့်ဒေသကို တည်ငြိမ်အေးချမ်းအောင် ထိန်းချုပ်လာနိုင်ပြီဟု သမ္မတက ဆိုလိုက်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ပြည်သူများနှင့် တစ်သားတည်းရှိသည်ဟုလည်း သမ္မတက ဆိုသည်။

“ကျွန်တော့် အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းဖို့ ပြည်သူများနဲ့ တစ်သားတည်းရှိတယ် ဆိုတာကိုလည်း အလေးအနက် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်” ဟု သမ္မတက ပြောသည်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများနှင့် ပတ်သက်၍မူ “နှစ်ပေါင်းများစွာ ယိုယွင်းခဲ့တဲ့ ကိစ္စရပ်တစ်ခုကို ပြင်ဆင်ဖို့ကြိုးပမ်းတဲ့အခါ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေ ရှိတာဟာလည်း သဘာဝကျတဲ့ ကိစ္စရပ်ဖြစ်ပါတယ်” ဟု ပြောဆိုသွားခဲ့သည်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒပြဆက်လက်တောင်းဆိုပါက အရေးယူတော့မည် ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၂၈ရက်တွင် သတိပေးထားသည်။ ပညာရေးဝန်ကြီးဌာနက ကလည်း သပိတ်စစ်ကြောင်းများ ရပ်ဆိုင်းပေးရန် ဖေဖေါ်ဝါရီလအတွင်း လေးကြိမ်အထိ သတိပေးထား သည်ကိုလည်း တွေ့ရှိရသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် ဖေဖေါ်ဝါရီလအတွင်း ပေါ်ပေါက်ခဲ့သည့် အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍မူ  အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်သည့် နှုန်းထား တစ်ခု ပေါ်ပေါက်လာရန် လုံလောက်သည့် ပြင်ဆင်မှုများ၊ လေ့လာမှုများ ပြုလုပ်နေရခြင်းကြောင့် စိတ်ရှည် သည်းခံကြရန်လိုသည်ဟုလည်း သမ္မတက ပြောဆိုခဲ့သည်။