တစ်နိုင်ငံလုံးအပစ်ရပ်ရေး မတ်လ ၁၆ရက်တွင် အစိုးရနှင့် NCCT တို့ ဆွေးနွေးကြမည်

တစ်နိုင်ငံလုံးအပစ်ရပ်ရေး မတ်လ ၁၆ရက်တွင် အစိုးရနှင့် NCCT တို့ ဆွေးနွေးကြမည်
by -
မဇ္စျိမ

 ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ လာမည့် မတ်လ ၁၆ရက်တွင်  ရကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရန် သဘောတူခဲ့ကြသည်ဟု နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ရက် NCCT ၏ ဒုတိယနေ့ အစည်းအဝေးသို့ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တို့  တက်ရောက်ခဲ့ပြီး MCCT ၏ လာမည့် မတ်လ ၁၆ရက်တွင် အဆိုပြုချက်ကို သဘောခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ အန်စီစီတီက အလုပ်တွေ ဆွေးနွေးတယ်။ အမ်ပီစီကိုယ်စားလှယ်တွေ လာပြီး ရကြိမ်မြောက်တွေ့ဆုံဖို့ လုပ်ငန်းတွေ လာညှိနှိုင်းတာဖြစ်တယ်။ ကျွန်တော်တို့ ၁၆ရက်လို့ ပြောထားတယ်၊ မနက်ဖြန် ထပ်တွေ့ဖို့ ရှိတယ်။ ကျန်တဲ့ ကိစ္စတွေ ဆွေးနွေးမယ်” ဟု NCCT ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၇ရက်မှ စတင်ကျင်းပသော NCCT ၏ အကြိုလုပ်ငန်းညှိနှိုင်းသည့် အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA)နှင့် ပတ်သက်၍ ညှိနှိုင်းရန် ကျန်နေသော အချက်များကို ပြန်လည် သုံးသပ်ခဲ့သည်ဟု သူက ပြောသည်။

မွန်းလွဲ ၃နာရီမှ ၅နာရီကျော်ထိ နှစ်ဖက်ဆွေးနွေး၍ လာမည့် မတ်လ ၁၆ရက်တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို ငါးရက်ခန့် ကျင်းပရန် သဘောတူခဲ့ကြသည်ဟု MPC ၏ အထက်တန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“ဒီနေ့က အန်စီစီတီဘက်မှ အဆိုပြုတဲ့ မတ်လ ၁၆ ရက်နေ့ စချင်တယ်ဆိုတာကို ကျွန်တော်တို့ ဝန်ကြီး ဦးအောင်မင်းကို သတင်းပို့လိုက်တယ်။ မူအားဖြင့် ဦးအောင်မင်းလည်း သဘောတူတယ်။ ဆွေးနွေးပွဲကတော့ လိုအပ်ရင် ငါးရက်လောက် လုပ်မယ်ဆိုတာကို သဘောတူပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ထို့ပြင် မတ်လ ၁ရက် မွန်းလွဲ ၁နာရီတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းနှင့်ပတ်သက်၍ NCCT နှင့် MPC ကိုယ်စားလှယ်များက ထပ်မံ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သူက ပြောသည်။

“မနက်ဖြန်တော့ NCA အတွက် ကျန်တဲ့ မူဝါဒပိုင်းအရ သူတို့ မရှင်းလင်းတဲ့ ကိစ္စရပ်တွေကို ကျွန်တော်တို့က ဝန်ကြီး ဦးအောင်မင်းပေးထားတဲ့ ဘောင်ထဲကနေပြီး အန်စီစီတီခေါင်းဆောင်တွေကို ရှင်းပြဖို့ပါပဲ” ဟု ဦးလှမောင်ရွှေက ပြောသည်။

အစည်းအဝေးသို့ NCCT ၏ ၁၂ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး MPC ကိုယ်စားလှယ်များဖြစ်သော ဦးလှမောင်ရွှေ၊ ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်တို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ရက်ကမူ MPC နှင့် NCCT ကိုယ်စားလှယ်တို့ တွေ့ဆုံ၍ လာမည့် မတ်လ ၁၂ရက်နောက်ပိုင်း ရ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန်သာ သဘောတူခဲ့ပြီး ဖေဖော်ဝါရီ ၂၈ရက်တွင် ရက်အတိအကျ သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။