ရခိုင်၌ မတ်လ ၁ ရက်တွင် ဝှိုက်ကတ်များ အပ်နှံမှုလက်ခံမည်

ရခိုင်၌ မတ်လ ၁ ရက်တွင် ဝှိုက်ကတ်များ အပ်နှံမှုလက်ခံမည်
by -
မဇ္စျိမ

မတ်လ ၁ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင်းရှိ ယာယီ သက်သေခံလက်မှတ် (ဝှိုက်ကတ်)များ ပြန်လည် လက်ခံရန် စီစဉ်ထားပြီးဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

ဝှိုက်ကတ်များပြန်လည်လက်ခံနိုင်ရန် ရပ်ကွက်ကျေးရွာအဆင့် ကော်မတီများ ဖွဲ့စည်းထားပြီး ၎င်းအဖွဲ့များက မတ်လ ၁ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။

Whiteidcard

''လူက ခုနစ်သိန်းနီးပါး ရှိတယ်။ ဒါကို လက်ခံဖို့ အချိန်က သုံးလပဲရတော့ မြန်မြန်လုပ်ရမှာ'' ဟု ဦးခင်စိုးက ပြောသည်။ ဝှိုက်ကတ်များ ပြန်လည်အပ်နှံရာတွင် စိစစ်လက်ခံထားပြီး အစားထိုး အသိအမှတ်ပြုကတ် ပြန်လည်ရရှိရေးအတွက်မူ အချိန်ကန့်သတ်ထားခြင်း မရှိပေ။

ဝှိုက်ကတ်ကိုင်ဆောင်သူ ဦးအောင်ဝင်းက ''ကတ်ပြန်အပ်တဲ့ အတောအတွင်းမှာ ဘယ်လို လုံခြံုမှုပေးမလဲ ဆိုတာကိုတော့ စီစဉ်ပေးဖို့လိုတယ်။ ဒါမှမဟုတ်ရင် ဘယ်သူမှ အပ်ရဲမှာ မဟုတ်ဘူး'' ဟု ဆိုသည်။

ဝှိုက်ကတ်အပ်နှံခြင်းများအတွက်သာ ပြည်နယ်အဆင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး စိစစ်ခြင်းနှင့် ပြန်လည်  ထုတ်ပေးခြင်းကို ပြည်ထောင်စုအဆင့် စိစစ်ရမည်ဟု ပြည်နယ် လဝကမှူးက ပြောသည်။

ဖေဖော်ဝါရီ ၂ရက်က ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သော ဝှိုက်ကတ်များ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ကို ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပြန်ရုတ်သိမ်းမည်ဟု ကြေညာခဲ့သည်။

တစ်နိုင်ငံလုံးတွင် ဝှိုက်ကတ်ကိုင် ဆောင်သူ ၁ ဒသမ ၅သန်း ကျော်ရှိပြီး ရခိုင်တွင် ခုနစ်သိန်းကျော် ရှိသည်။

Most read this week