ရွှေပြည်သာ အထည်ချုပ်စက်ရုံများမှ လုပ်ခလစာတိုးပေးရေး တောင်းဆိုဆန္ဒပြသူ အလုပ်သမားခေါင်း ဆောင်တစ်ဦး ပုဒ်မ-၅၀၅ (ခ) ဖြင့် ထပ်မံ အဖမ်းခံရ

ရွှေပြည်သာ အထည်ချုပ်စက်ရုံများမှ လုပ်ခလစာတိုးပေးရေး တောင်းဆိုဆန္ဒပြသူ အလုပ်သမားခေါင်း ဆောင်တစ်ဦး ပုဒ်မ-၅၀၅ (ခ) ဖြင့် ထပ်မံ အဖမ်းခံရ
by -
မဇ္စျိမ

လုပ်ခလစာတိုးရန် တောင်းဆိုနေသည့် ရွှေပြည်သာစက်မှုဇုန် အထည်ချုပ်အလုပ်သမားများ သပိတ်စခန်းမှ ခေါင်းဆောင်တစ်ဦးကို ဖေဖော်ဝါရီ ၂၄ရက ်ညက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅(ခ)ဖြင့် ထပ်မံ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အလုပ်သမားသမဂ္ဂ အမှုဆောင် ကိုကျော်လွင်ဦးက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၂၀ရက်က အဆိုပါ သပိတ်စခန်းမှ အလုပ်သမားခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးပြီးနောက် လေး ရက်အကြာတွင် အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကော့စတစ် အထည်ချုပ်စက်ရုံမှ ကိုနိုင်ကျော်ကြည်လင်းကို လှိုင်သာယာမြို့နယ်အတွင်းရှိ သူ၏ နေအိမ်၌ ညနေ ၄ နာရီတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Shwe-Pyi-Thar-Worker-Demonstration-02

ကိုကျော်လွင်ဦးက "ကိုနိုင်ကျော်ကြည်လင်းကို လှိုင်သာယာက သူ့အိမ်မှာပဲ ညနေလေးနာရီလောက် လူနှစ်ဆယ်လောက်နဲ့ လာဖမ်းသွားတယ်။ ၅၀၅ (ခ)နဲ့ပဲ လှိုင်သာယာရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ပြောသည်။

ရွှေပြည်သာမြို့နယ် အထည်ချုပ်စက်ရုံများမှ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် အလုပ်သမားခေါင်းဆောင်နှစ်ဦး အမြန်ဆုံး ပြန်လွတ်ပေးရန် အလုပ်သမား ၉၀၀ကျော်က ဖေဖော်ဝါရီ ၂၃ရက်က ပင်မသပိတ်စခန်းဖြစ်သည့်  E-Land Myanmar အထည်ချုပ်စက်ရုံဘေးတွင် ဆုတောင်းပွဲပြု လုပ်တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် အလုပ်သမားခေါင်းဆောင်တစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

ဖေဖော်ဝါရီ ၂၀ရက်က ဖမ်းဆီးခံထားရသော အလုပ်သမားခေါင်းဆောင်နှစ်ဦးမှာ E-Land Myanmar အထည်ချုပ်စက်ရုံမှ ကိုမျိုးမင်းမင်းနှင့်  Ford Glory အထည်ချုပ်စက်ရုံမှ ကိုနိုင်ဌေးလွင်တို့ ဖြစ်သည်။

ရွှေပြည်သာမြို့နယ်တွင် လုပ်ခလစာတိုးမြှင့်ပေးရန် COSTEC၊ E-Land Myanmarနှင့်  Ford Glory အထည်ချုပ်စက်ရုံမှ အလုပ်သမား အင်အားထောင်ချီက လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒထုတ်ဖော် တောင်းဆိုနေခြင်းဖြစ်ပြီး ညှိနှိုင်းမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်းပြေလည်မှု မရရှိသေးပေ။

ဖေဖော်ဝါရီ ၁၇ရက်က တိုင်းအစိုးရက စက်ရုံများ ရှေ့ပိတ်ဆို့ဆန္ဒပြမှုများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ခဲ့ပြီး  ဖေဖော်ဝါရီ ၂၀ရက် ညတွင် အလုပ်သမားများနှင့် အစိုးရလုံခြံုရေးတို့အကြား အဓိကရုဏ်းဖြစ်ပွားခဲ့သည်။ ရန်ကုန်တိုင်းအစိုးရကလည်း ဖေဖော်ဝါရီ ၂၃ရက်က ဆူပူမှုခြင်းနှင့် အကြမ်းဖက်မှုများ လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသကဲ့သို့ ဖေဖော်ဝါရီ ၂၅ရက်တွင် အလုပ်သမားများအနေဖြင့် ရန်ကုန်တိုင်း အလုပ်သမားရေးရာ ညှိနှိုင်းရေးအဖွဲ့နှင့် အမြန်ဆုံးဆက်သွယ်ကာ လာရောက်ညှိနှိုင်းရန် မေတ္တာ ရပ်ခံကြောင်းကိုလည်း ထပ်မံထုတ်ပြန်ခဲ့သည်။

Most read this week