“အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” တွင် ပါရှိသော “ဆရာ၊ ဆရာမများသည် နှစ်သက် ရာ ပါတီသို့ ဝင်ရောက်ခွင့်ရှိသည်” ဟူသည့် အချက်ကို ပယ်ဖျက်ပေးရန် နိုင်ငံ၏ သံဃာ့ဥသျှောင်ဖြစ်သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန)က သမ္မတထံ အကြံပြုချက် ပေးပို့လိုက်သည်။
ထေကြီးဝါကြီး ဆရာတော် ၄၇ပါးဖြင့် ဖွဲ့စည်းထားသော မဟန၏ အကြံပြုချက်တွင် “ဆရာ၊ ဆရာမများသည် ဝန်ထမ်းဖြစ်သဖြင့် ပါတီ၊ နိုင်ငံရေးနှင့် ကင်းရှင်းရမည်ဖြစ်သောကြောင့် အဆိုပါပုဒ်မခွဲငယ်အား ပယ်ဖျက်ရမည်” ဟု ဖေဖော်ဝါရီ ၂၅ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
ထို့ပြင် ဆရာ၊ ဆရာမများ၏ သင်ကြားမှုအပေါ် ကျောင်းသားများက အကဲဖြတ်မည့် ဥပဒေကြမ်းပါ ပုဒ်မခွဲတစ်ခုကိုလည်း “မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာနှင့် မညီညွတ်သဖြင့် ပယ်ဖျက်သင့်ကြောင်း” မဟန၏ အကြံပြုစာတွင် ပါရှိသည်။
ဘာဘာရေး ပြဿနာများကိုပင် တစ်စုံတစ်ရာမှတ်ချက်မပြုခဲ့သည့် မဟနအနေဖြင့် အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နှင့် NNERတို့ လေးပွင့်ဆိုင်သဘောတူထားသော “အမျိုးသားပညာ ရေးဥပဒေကို ပြင်ဆင်သည့် ဥပ ဒေကြမ်း” ပါ ပုဒ်မအချို့အား အထက်ပါအတိုင်း ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့် ဆယ်တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်ကို ကန့်သတ်ထားသည့်စနစ်အစား “သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို ကျောင်းသားများကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့်ရှိရန်” ဟူသည့် ပြင်ဆင်သည့် ဥပဒေကြမ်းပါ ပုဒ်မကိုလည်း နိုင်ငံတစ်ကာ တက္ကသိုလ်များ၏ စံချိန်၊ စံညွှန်းနှင့် ကိုက်ညီမှုမရှိဟု မဟန၏ အကြံပြုချက်တွင် ပါဝင်သည်။
ဆရာ၊ ဆရာမများသည် ဝန်ထမ်းဖြစ်သောကြောင့် နိုင်ငံရေးပါတီကင်းရှင်းရမည်ဟူသည့် မဟန၏ အကြံပြုချက်အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူက “ဝန်ထမ်းတွေအကုန်လုံးက ကျွန် မဟုတ်ဘူး။ သူယုံကြည်ရာတော့ ယုံပစေ့လေ။ သူ့ယုံကြည်ခွင့်ကို ချိုးဖောက်တယ်ဆိုရင်တော့ သူ့ရဲ့ Human Right (လူ့အခွင့်အရေး) ကို တော်တော်လေး ချိုးဖောက်ရာကျတဲ့အမြင်မျိုးဖြစ် တယ်လို့ သုံးသပ်တယ်” ဟု ဖေဖော်ဝါရီ ၂၂ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ထို့ပြင် အဆိုပါအကြံပြုချက်များသည် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ သဘောထားအစစ်အမှန် မဖြစ်နိုင်ဟု ဒေါက်တာ အာကာမိုးသူ အပါအဝင် သံဃာတော်အချို့က သုံးသပ်သည်။
“အကြံပြုချက်က ဆရာတော်ကြီးတွေရေးတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့ဟာသူတို့ စိတ်ကြိုက် ရေးပြီးတော့ သူတို့နဲ့ အလွမ်းသင့်တဲ့ ဆရာတော်ကြီးတွေလောက်ပြပြီးတော့ မဟနရဲ့သဘောထား ပုံစံမျိုး ထုတ်ဟန်တူပါတယ်။ ငါတို့အတွေ့အကြံုအရ တစ်ကယ်တမ်းပြောရမယ်ဆိုရင် အစိုးရ အာဘော်နဲ့ ပတ်သက်လာလို့ရှိရင် ဆရာတော်ကြီးတွေက တံဆိပ်တုံးထုရုံလောက်ပါ။ မဟန အဖွဲ့မှာလည်း အစိုးရဘုန်းကြီးတွေက ကြီးစိုးနေတာကိုး” ဟု ဆရာတော် အရှင်မိုးသု (မန္တလေး)က မဇ္ဈိမကို မိန့်သည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအနေဖြင့် ပညာရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက် ရန် မသင့်ကြောင်း၊ ဆရာတော်ကြီးများအနေဖြင့် အမျိုးသားပညာရေးဥပဒေကို မြင်ဖူးမည်ပင် မဟုတ်ကြောင်း အရှင်မိုးသု (မန္တလေး)က ဆက်လက်မိန့်ကြားသည်။
ရွှေညဝါဆရာတော် အရှင်ပညာသီဟကလည်း “ကျုပ်တို့တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေအားလုံးထဲမှာ မဟာနာယက ဆရာတော်ကြီးတွေ ပါဝင်ပတ်သက်ဖူးတဲ့ ပုံစံမရှိဘူးလေ။ ပညာရေး အခင်းအကျင်းကျမှ ပါဝင်ပတ်သက်လာတယ်ဆိုတော့ ပရောဂမကင်းဘူးဆိုတာ သေချာလောက်တာပေါ့” ဟု မိန့်သည်။
အဆိုပါ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ပေါ်ပေါက်လာရခြင်းမှာ လွှတ်တော်တွင် အတည်ပြုခဲ့သော အမျိုးသားပညာရေးဥပဒေကို ကျောင်းသားများ သပိတ်မှောက် ကန့်ကွက်ခြင်း၏ နောက် ဆက်တွဲ ဖြစ်သည်။
လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေးဥပဒေသည် ဗဟိုချုပ်ကိုင်မှု စနစ်များနေခြင်း၊ ကျောင်း သားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်မရှိခြင်း စသည့် အချက်များကြောင့် ပြင်ဆင်ပေးရန် ကျောင်းသားများက ကနဦးတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ရက်ပေါင်းခြောက်ဆယ်အတွင်း လေးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်း ရန် တောင်းဆိုခဲ့သည်။