ပညာရေး သပိတ်မှောက် စစ်ကြောင်းကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ခြင်းကို ရတနာပုံ တက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသား ၄ဝကျော်တို့က ဖေဖော်ဝါရီလ ၂၃ရက်၊ နံနက် ၁ဝနာရီတွင် ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။
ဆန္ဒထုတ်ဖော်ထုတ်လှည့်လည်ရာတွင် အသံချဲ့စက်အသုံးမပြုရန်နှင့် စာသင်ဆောင်များရှေ့တွင် မလှည့်လည်ရန် တက္ကသိုလ် တာဝန်ရှိသူများက တားမြစ်မှုများ ရှိခဲ့သော်လည်း ကျောင်းသားများက လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ဥပဒေ ဒုတိယနှစ်ကျောင်းသား ကိုအောင်မျိုးလွင်က ''ဆရာ၊ ဆရာမတွေကိုပါ သိစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင် ကျွန်တော်တို့ တောင်းဆိုထားတဲ့ ၁၁ချက်ကို နားမလည်သေးလို့ပဲ။ ဆရာဆရာမတွေလည်း ဒီပညာရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း လာရောက်ဆွးနွေးဖို့ ဖိတ်ခေါ်ထားတယ်'' ဟု ပြောသည်။
ကျောင်းသားထု၏ ဟောပြောပွဲများကို ဖေဖော်ဝါရီ ၂၄ရက်၊ နံနက် ၉နာရီတွင် စတင်၍ ပြုလုပ်သွားမည်ဖြစ် ပြီး ထောက်ခံဆန္ဒ ထုတ်ဖော်မှုနှင့် ဟောပြောမှုများကို ဖေဖော်ဝါရီ ၂၅ရက်အထိ ပြုလုပ်သွားမည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုနိုင်ရဲဝေက ပြောသည်။
''ကျောင်းသူကျောင်းသားတွေကို ကျွန်တော်တို့ လုပ်နေတာတွေနဲ့ ပတ်သက်ပြီး သိစေချင်တယ်။ သူတို့ သိအောင်ဟောပြောမယ်။ လာပြီးလည်း ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားတယ်။ အတည်ပြုထားတဲ့ ဥပဒေကိုပြင်ပေးဖို့ တိုက်ပွဲဝင်တာ အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို ဟောပြောသွားမယ်'' ဟု ၎င်းက ပြောသည်။
တက္ကသိုလ်ဝင်းအတွင်း ဟောပြောရန် နေရာအတွက် တက္ကသိုလ်မှ တာဝန်ရှိသူများကို တောင်းခံထားကြောင်း တက္ကသိုလ် တာဝန်ရှိသူများဘက်ကလည်း နေရာစီစဉ်ပေးမည်ဟု ပြောထားကြောင်း ဆိုသည်။
ရတနာပုံတက္ကသိုလ် ကျောင်းအတွင်း ထောက်ခံဆန္ဒပြနေမှုကို တားဆီးနေမှုနှင့် ပတ်သက်၍ ဒုတိယ ပါမောက္ခချုပ် ဦးအောင်အောင်မင်းက ''တားတာရယ်လို့ မဟုတ်ပါဘူး။ ဒီကျောင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စာသင်နေတဲ့ ကလေးတွေ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်တာရယ်။ မလိုလားအပ်တဲ့ ပြဿနာဖြစ်လာနိုင် တာကြောင့်ပါ။ သူတို့စက်တွေနဲ့ သီချင်းတွေဖွင့်ပြီး ဟောပြောတာတွေ လုပ်မှာလေ။ ဒါကို ခွင့်မပြုဘူး။ လုပ်နေတယ်။ သူတို့ အခွင့်အရေးကို ဆရာတို့ မပိတ်ပင်ဘူး'' ဟု ပြောသည်။
ဆန္ဒထုတ်ဖော်နေသည့် ကျောင်းသားများဘက်မှ တောင်းဆိုထားသည့် ဟောပြောရန် နေရာအတွက် ခွင့်ပြုပေးရန် ညှိနှိုင်းနေပြီဟုလည်း ၎င်းက ဆိုသည်။
တတိယနှစ်ကျောင်းသူ မအေးနန္ဒာဝင်းက ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခြင်းမရှိသော်လည်း ဆန္ဒထုတ်ဖော်သူများကို အားပေးကြောင်း၊ ပညာရေး၏ အာမခံချက် မရှိခြင်းကို နားလည်ပြီး ပညာတတ်ရန် မဟုတ်ဘဲ ဘွဲ့ရရန်သာဟု ဆိုသည်။
ကထိက တစ်ဦးကလည်း ''ကလေးတွေက သူတို့ရဲ့ပညာရေးကို မြင့်ချင်လာတယ်။ ကန့်သတ်ထိန်းချုပ်လို့ မရတော့ဘူး ဆိုတာသက်ဆိုင်ရာတွေအနေနဲ့ သိသင့်တယ်။ သိမယ်လို့လည်း ထင်ပါတယ်'' ဟု ပြောသည်။