သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ ရောက်ရှိစဉ် ပင်လုံစာချုပ်ပါ အချက် ၉ချက်ကိုရေးသားပြီး မိမိနေအိမ်တွင် ကပ်ထားရန် တိုက်တွန်းပြောကြား လိုက်သည်။
“တကယ်လို့ မိဘပြည်သူတို့ တိုင်းပြည်ကို ပြန်ပြုပြင်ချင်တယ်ဆိုရင် ပင်လုံစာချုပ်မှာပါတဲ့ အချက် ၉ချက်ကို စာလုံးကြီးကြီးရေးပြီး အိမ်တိုင်းမှာ ကပ်ထားသင့်ပါတယ်။ ပင်လုံစာချုပ်ပါ အချက် ၉ချက်ရဲ့ အဓိပ္ပာယ်က ဘာကို ဆိုလိုချင်တာလဲဆိုတာ နားလည်လာလိမ့်မယ်” ဟု လူထုနှင့် တွေ့ဆုံစဉ် ဒု - ဗခက ယွက်စစ်ကပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် အဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၉ရက် နံနက်ပိုင်းက ပင်လုံမြို့ကို ရောက်ရှိကာ သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိပိဋိကတ် စာသင်တိုက်တွင် ဒေသခံလူထုရာချီနှင့် တွေ့ဆုံစဉ် “ပင်လုံစာချုပ်က ဘာလဲ၊ သျှမ်းပြည်နယ်အမျိုးသားနေ့က ဘယ်လိုဖြစ်လာတာလဲ၊ လူငယ်အများစုက သမိုင်းကြောင်း မသိတော့ကြောင်း” စသဖြင့် ပြောကြားသည်။
ထို့အပြင် ဒု - ဗခက ယွက်စစ်က ပြည်ထောင်စု သန္ဓေတည်ရာ ပင်လုံမြို့ရှိ ဒေသခံနေအိမ်တိုင်း သျှမ်းပြည် အလံတော်လည်း အိမ်တိုင်းထားရှိသင့်ကြောင်း ဤကဲ့သို့ပြောသည်။
“သျှမ်းပြည်အမျိုးသားနေ့မရှိရင် ပြည်ထောင်စုနေ့ဆိုတာလဲရှိမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ပင်လုံမြို့ နေအိမ်တိုင်းနဲ့ သျှမ်းပြည်အလံတော်၊ ပင်လုံကတိစာချုပ် အိမ်တိုင်းထားရှိရမယ်။ အိမ်ထဲဝင်လာတာနဲ့မြင်စေချင်တယ်။ သျှမ်းပြည်အမျိုးသားအလံနဲ့ ပင်လုံစာချုပ်ဟာ ပင်လုံမြို့ရဲ့သမိုင်းဝင် အမှတ်အသားပဲ” ဟုလည်း ပြောသည်။
ပင်လုံစာချုပ်သည် တောင်တန်းနှင့် မြေပြန့် အတူယှဉ်တွဲနေထိုင်ဖို့ တောင်တန်းသားများ တန်းတူအခွင့်အရေးရဖို့ ကတိကဝတ်စာချုပ် ဖြစ်သည့်အပြင် ပေးထားသည့် ကတိကဝတ်အတိုင်း ဖြစ်မလာပါက ၁၀နှစ် အတူနေထိုင်ပြီး နောက်ပိုင်း သီးခြားတိုင်းပြည်အဖြစ် ခွဲထွက်နေထိုင်နိုင်သည်ဟု ဗမာ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက နှုတ်ကတိ ပေးထားသည်။
ပင်လုံစာချုပ် ပါအချက် ၉ ချက်မှာ-
၁- ၀န်ကြီးဟာ နယ်စပ်ဒေသက တိုင်းရင်းသားလူမျိုးဖြစ်ရမယ်။
၂-၀န်ကြီးရဲ့ လက်ထောက် နှစ်ဦးကလည်း နယ်စပ်ဒေသက မတူညီတဲ့ တိုင်းရင်းသား ၂ဦးဖြစ်ရပါမယ်။
၃- ဒီဝန်ကြီး ၃ပါးစလုံးဟာ နိုင်ငံတော် အစိုးရရဲ့ လွှတ်တော်အစည်းအဝေးမှာ ပါ၀င်ဆွေးနွေးခွင့်ရှိတယ်။
၄- ဒါပေမယ့် သူတို့ မဲထည့်မယ်ဆိုရင် သူတို့ ၃ယောက်မှာ တစ်မဲဘဲ ထည့်ခွင့်ရပါမယ်။
၅- နယ်စပ်ဒေသတိုင်းရင်းသားတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရှိရမယ်။
၆- မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်ကို ကချင်တောင်တန်းဒေသနဲ့ပေါင်းထည့်ပြီးတော့ ကချင်ပြည်နယ် အဖြစ်သတ်မှတ်တယ်။
၇- တောင်တန်းဒေသဟာ ဒီမိုကရေစီနိုင်ငံမှာကဲ့သို့ အခွင့်အရေးနဲ့ အထူးအခွင့်အရေး အပြည့်အဝခံစား ခွင့်ရှိရမယ်၊ ဆိုလိုတာက အခွင့်အရေးနဲ့ အထူးအခွင့်အရေးဆိုတာက ဒီမိုကရေစီ စနစ်ဆိုရင်လဲ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝ ရရှိရမယ်။
၈- ငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီး သျှမ်းပြည်ရဲ့ ၀င်ငွေတွေကို မထိခိုက် မနစ်နာစေရဘူး၊ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်ကိုမြန်မာပြည်အစိုးရက ဆက်လက်ကူညီထောက်ပံ့သွားမယ်။
၉- ငွေကြေးရှာဖွေသုံးစွဲမှုမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်ရတဲ့အချိန်အထိ (သျှမ်းပြည်လို ကိုယ့်ခြေ ပေါ် ကိုယ် ရပ်တည်နိုင်တဲ့အချိန်အထိ) ကူညီပံ့ပိုးပေးသွားမယ်။
ထို့အပြင် ပင်လုံစာချုပ်တွင် မပါရှိသော အဓိကအရေးပါသည့် အချက်တစ်ချက်မှာ လွတ်လပ်ရေးရပြီး ၁၀နှစ်အကြာ တန်းတူညီမျှမှုမရှိပါက ခွဲထွက်ပိုင်ခွင့်ရှိသည်ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားခေါင်းဆောင်များအား နှုတ်ကတိ ပေးခဲ့သည်။ အဆိုပါကတိအား ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည်။