UNA အဖွဲ့ဝင်များ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မည်

UNA အဖွဲ့ဝင်များ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်မည်
by -
မွန်အေဂျင်စီ

စည်းလုံးညီညွှတ်သော တိုင်းရင်သား လူမျိူးများ မပာာမိတ်အဖွဲ့(UNA) အဖွဲ့ဝင် ပါတီများအနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လွှတ်တော်အတွင်းမှ ပြင်ဆင်သွားမည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့ဝင်ပါတီများမှ သိရသည်။

မွန်အမျိူးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင် နိုင်ကျော်ဝင်းက “UNAက ၂၀ဝ၈ ဖွဲစည်းပုံကို မကြိုက်လို့ မယုံဘူး၊ မဝင်ဘူးဆိုတဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ အခုကျတော့ မယုံဘူး မကြိုက်ဘူးဆိုပေမယ့်လည်း လွှတ်တော်တွင်းကနေ ဝင်ပြီးပြင်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ” ဟု ပြောသည်။

some UNA leaders

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၈ပါတီတို့ဖြင့် ဖွဲစည်းထားသည့် UNAအနေဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအားကန့်ကွက်ခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။

သို့သော် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲ မလွဲမသွေကျင်းပရန်နှင့် ဒီမိုကရေစီ စံနှုန်းနှင့်ညီသော လွတ်လပ်တရားမျှတသည့် ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရန် UNAနှင့် မိတ်ဖက်အဖွဲအစည်းများမှ ယခုကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြသည်။

ယင်းကဲ့သို့ တောင်းဆိုရခြင်းမှာ လက်ရှိအစိုးရအနေဖြင့် ၂၀၁၅ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပရန် အကြောင်းပြချက်များ ရှိလာနိုင်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်က ပြောသည်။

စိုင်းညွှန့်လွင်က “ရွေးကောက်ပွဲက အခြေခံဥပဒေအရ မဖြစ်မနေ ကျင်းပပေးရမယ်၊ ဒါကို ရှောင်လွှဲလို့မရဘူး၊ သို့သော်လည်းဘဲ အခြားအကြောင်းပြစရာ အကြောင်းတွေ ရှိကောင်းရှိလာနိုင်တယ်၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်တတ်တာက လက်ရှိအစိုးရအနေနဲ့ သူတို့မနိုင် နိုင်ဘူးဆိုရင် နောက်ကို ဆွဲသွားတာတွေ ဖြစ်တတ်တယ်၊ နိုင်မယ့် အချိန်ဆိုရင် ရှေ့တိုးပြီး လုပ်တာတွေ ရှိတယ်၊ ရွေးကောက်ပွဲ မလုပ်ဘဲ နေလာနိုင်တဲ့ အနေအထားမျိူး ရှိချင်ရှိလာနိုင်တဲ့ အတွက်ကြောင့်ပါ” ဟု ပြောသည်။

ယခုကျင်းပခဲ့သော ဒုတိယအကြိမ် UNA အစည်းအဝေးကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌ ယခုလ ၁၇ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြုလုပ်ခဲ့ရာတွင် UNA အဖွဲ့ဝင်ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့များနှင့် လူထုအခြေပြု အဖွဲအစည်း၃၃ဖွဲ့ တက်ရောက်ခဲ့ပြီး နိုင်ငံရေးရပ်တည်ချက်များ၊ အပစ်အခတ်ရပ်စဲရေး၊ လောက်ကိုင်ပဋိပက္ခ၊ အမျိူးသားပညာရေး ဥပဒေ၊ အလုပ်သမားနှင့်လယ်သမားကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းခဲ့သော UNAအဖွဲ့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကချင် အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် ပါတီနှင့် ကရင်အမျိုးသားပါတီတို့ ပါဝင်ကြသည်။