ကရင်နီပြည်နယ်လုံး ဆိုင်ရာတောင်သူလယ်သမားများ သမဂ္ဂကို ဆိုးလျားကူးကျေးရွာ၊ ဖရူဆိုမြို့နယ်၌ ၃ရက်ကြာ ပြုလုပ်သော တောင်သူလယ်သမားများညီလာခံ နောက်ဆုံးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ၁၆ရက်နေ့တွင် ကော်မတီဝင် ၁၈ဦးဖြင့် ပထမဦးဆုံးအကြိမ် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။
တောင်သူများအနေက မိမိတို့၏ မြေယာသိမ်းဆည်းခံရမှု ပြဿနာရပ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားကြသော်လည်း ထိရောက်မှု အားနည်းသည့်အတွက် စုပေါင်းလုပ်ဆောင်ကြရန် ယခုလို သမဂ္ဂ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သမဂ္ဂ၏ ဥက္ကဌဖြစ်လာသူ ဆရာသဲရယ်က ပြောသည်။
“ဒေသအသီးသီးမှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေနဲ့ ဒေသအသီးသီးက တောင်သူကွန်ယက်တွေ စုံစည်းနိုင်အောင် ဒီပြဿနာတွေကို ဖြေရှင်းသွားနိုင်အောင် အခုလို ညီလာခံခေါ်တယ် သမဂ္ဂဖွဲ့စည်းရခြင်းဖြစ်တယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ကရင်နီပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား ညီလာခံကို ဖေဖော်ဝါရီလ ၁၄ရက်မှ ၁၆ရက်နေ့ထိ သုံးရက်တာ ကျင်းပခဲ့ပြီး တတ်ရောက်လာသော တောင်သူများကွန်ယက်များဖြင့် ကရင်နီပြည်နယ်လုံး ဆိုင်ရာ တောင်သူလယ်သမားများ သမဂ္ဂဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
“တောင်သူအရေးဆိုတာ တောင်သူတွေ လုပ်ရင် ပိုထိရောက်တယ်ပေါ့နော် ကျနော်တို့ကတော့ ပံ့ပိုးတဲ့ အပိုင်းကနေ ရပ်တည်သွားမယ်” ဟု ကရင်နီလူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ဆရာဒီးဒီက ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
ညီလာခံနောက်ဆုံးနေ့တွင် ဒေသအသီးသီးမှတတ်ရောက်လာသော တောင်သူများမှ ဗဟိုကော်မတီ ဝင်များ ရွေချယ်ခြင်း ၊ မူဝါဒများရေးဆွဲခြင်း၊ သမဂ္ဂအတွက် အမှတ်တံဆိပ် အလံရွေးချယ်ခြင်း၊ ရှေ့လုပ်ငန်း စဉ်များကို ချမှတ်ခဲ့ကြကြောင်း သိရသည်။
“ကျမတို့ အရင်ကဆို ဘာမှမသိဘူး မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး၊ ပြီးတော့ ဥပဒေတွေပေါ့ နောက်ပြီး အခုလိုသမဂ္ဂ ပေါ်လာတော့ ပိုပြီးအားရှိလာတာပေါ့” လို့ ဖားဆောင်းမြို့နယ်မှ မယဉ်ယဉ်လှက ပြောသည်။
ညီလာခံကို တက်ရောက်လာတဲ့ မကွေးတိုင်း တောင်သူလယ်သမား သမဂ္ဂ အတိုင်ပင်ခံ ဦးအောင်ကျော်ကျော်က “ဒီမှာအခုလို စုဝေးစုဖွဲ့ခွင့်ရတာ အရမ်းကို ကောင်းတဲ့အချက်ပေါ။့ ခုသမဂ္ဂဖွဲ့ရင်လည်း အရမ်းကိုကောင်းတယ် ကျနော်တို့ကလည်း ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ် ” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
တောင်သူလယ်သမားများညီလာခံကို ပြည်နယ်တွင်း တောင်သူလယ်သမား များအပြင် ကယန်းဒေသများ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်ထဲမှ ပေါင်းလောင်း မြေသိမ်းခံ တောင်သူလယ်သမားများ စုစုပေါင်း ၁၇၀ခန့် တတ်ရောက်ဆွေးနွေးခဲ့ကြသည်။