အစိုးရ ဌာနဆိုင်ရာများကို ကျား၊ မ ရေးရာအကြမ်းဖက်မှု ကာကွယ်တားဆီးရေးသင်တန်းပေး

အစိုးရ ဌာနဆိုင်ရာများကို ကျား၊ မ ရေးရာအကြမ်းဖက်မှု ကာကွယ်တားဆီးရေးသင်တန်းပေး
by -
ကန္တာရဝတီတိုင်းမ်

ကျား၊မ (လိင်ပိုင်း)ဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးတွင် အစိုးရဌာနဆိုင်ရာများမှ ပါဝင်ကူညီနိုင်စေရန်အတွက် ကဲမြန်မာ (Care Myanmar) မှ ဌာနဆိုင်ရာများကို ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ ဒီးမော့ဆိုနှစ်ခြင်းဘုရားကျောင်းတွင် ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ ၁၈ရက်နေ့အထိ သင်တန်းပို့ချသွားသည်ဟု သိရသည်။

“အကြမ်းဖက်တခုကြံုပြီဆိုရင် သူတို့ရွာကပဲ သူ့ကိုသူဖြေရှင်းတဲ့ နည်းလမ်းမျိုးမဟုတ်ပဲနဲ့ ရဲတွေရဲ့ အကူအညီလိုတယ်လေ ဒီ သင်တန်းမှာ ဘယ်သူပိုနစ်နာလဲ သိအောင်ပေးတယ်။ အားလုံးပူးပေါင်းမှရမယ် ဆိုတဲ့သဘောပေါ” ဟု (Gender) စီမံချက် အရာရှိ ဒေါ်လူစီးယာက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

gender-edu-newspic

ကျား၊ မ (လိင်ပိုင်း)ဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးသင်တန်းများကို ရပ်ရွာများအတွင်း သင်တန်းများ ပို့ချပေးနေသော်လည်း အစိုးရ ဌာနဆိုင်ရာများမှလည်း သိရှိရန်လိုအပ်နေပြီး ပူးပေါင်းပါ၀င်နိုင်ရန် လိုအပ်ကြောင်း ဒေါ်လူစီးယာက ဆက်ပြောသည်။

သင်တန်းတွင် ကျား၊မ(လိင်ပိုင်း)ဆိုင်ရာ (Gender) အခြေခံအသိပညာများ၊ အကြမ်းဖက်မှုကို ကာကွယ်သည့် နည်းလမ်းများ၊ ဖြေရှင်းသည့် နည်းလမ်းများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

“ဌာနမှာတော့ မိန်းကလေးပိုများပေမယ့် တကယ့်ကို ဆုံးဖြတ်ချက်ချရတဲ့ အကြီးပိုင်းမှာတော့ ယောင်္ကျားပိုများတယ်။ Genderနဲ့ပတ်သက်ပြီး မသိသေးတဲ့လူတွေသိအောင် ကိုယ်သိသလောက် မျှဝေပေးမယ်” ဟု သင်တန်းကို တက်ရောက်လာတဲ့ ဒီးမော့ဆို ကျန်းမာရေးဦးစီးငှာန ဒု-လ/ထ စာရင်းအင်းမှူး ဒေါ်နိုရင်းအိအိက ပြောသည်။

ဒီးမော့ဆိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခူးတော့ရယ်ကလည်း အမျိုးသမီးဆိုင်ရာ ဥပဒေများနှင့် ၎င်း တို့အပေါ် မည်သို့ပြုမူဆက်ဆံရမည်ကို သိရှိလိုကြောင်းပြောသည်။

သင်တန်းကို ဒီးမော့ဆိုမြို့ရှိ ထွေအုပ်ရုံး၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့စခန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တရားရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မီးသတ်ဦးစီးဌာန အသီးသီးတို့မှ တက်ရောက်ကြသည်။