“ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရ”ဟူသော စကားရှိပါသည်။ ယခုမူ ထိုစကားနှင့် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်လျက် ဥပဒေပြုသူများသည် သူတို့ပြုထားသည့် ဥပဒေများကိုပင် လေးစားလိုက် နာခြင်း အလျဉ်းမရှိဘဲ၊ လိုှလျှင် လိုသလို၊ မလိုလျှင် မလိုသလို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြသည်ကို ယာယီသက်သေခံ လက်မှတ် (ဝှိုက်ကဒ်)ကိစ္စ၌ အထင်အရှားမြင်တွေ့ရပါသည်။
မောင်ကျော်စွာ
(၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၀ ရက်)
“ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူ မဖြစ်စေရ”ဟူသော စကားရှိပါသည်။ ယခုမူ ထိုစကားနှင့် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်လျက် ဥပဒေပြုသူများသည် သူတို့ပြုထားသည့် ဥပဒေများကိုပင် လေးစားလိုက် နာခြင်း အလျဉ်းမရှိဘဲ၊ လိုှလျှင် လိုသလို၊ မလိုလျှင် မလိုသလို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြသည်ကို ယာယီသက်သေခံ လက်မှတ် (ဝှိုက်ကဒ်)ကိစ္စ၌ အထင်အရှားမြင်တွေ့ရပါသည်။
တရားဝင်အခေါ်အဝေါ်မှာ ယာယီသက်သေခံလက်မှတ် (Temporary Identity Certificate) ဖြစ်ပြီး၊ အများက အလွယ်တကူ ခေါ်ဝေါ်နေကြသည်မှာ ဝိုက်ကဒ်(white card)ဟူ၍ ဖြစ်ပါသည်။ ထိုယာယီသက်သေခံလက်မှတ် “ဝှိုက်ကဒ်”ကိစ္စကို အကြောင်းပြုပြီး ဥပဒေချိုးဖောက်ကြသူများမှာ အခြားသူများမဟုတ် သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့် အခြေခံဥပဒေဆိုင်ရာဥပဒေခုံရုံးတို့ ဖြစ်သည်။
သမ္မတဦးသိန်းစိန်က အုပ်ချုပ်ရေးအာဏာကို သုံး၍ ဝှိုက်ကဒ်များကို ရုပ်သိမ်းသည်။ ဦးရွှေမန်းလွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ခုတုံးလုပ်၍ ယာယီသက်သေခံလက်မှတ်(ဝှိုက်ကဒ်) ကိုင်ဆောင်သူများ၏ အခွင့်အရေးကို ဥပဒေအရ ဖျက်သိမ်းသည်။ သို့ဖြင့် အုပ်ချုပ်ရေး(သမ္မတ)နှင့် ဥပဒေပြုရေး(လွှတ်တော်ဥက္ကဋ္ဌ) တို့ အတိုင်အဖောက်ညီစွာ တရားစီရင်ရေး(အခြေခံဥပဒေခုံရုံး)ကို ရုပ်သေးသဖွယ် အသုံးချနေကြသည်။ ခုံရုံးသည်လည်း သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ လိုသလို ကြိုးဆွဲသည့်အတိုင်း အသုံးတော်ခံမည့် ရုပ်သေးခုံရုံးသာ ဖြစ်သည်။
ထို့အပြင် ဤလုပ်ရပ်သည် “၂၀၁၅ရွေးကောက်ပွဲ”တွင် ကြံ့ဖွံ့ပါတီအတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်က မဲများရရှိရန် သမ္မတနှင့်လွှတ်တော်ဥက္ကဋ္ဌတို့က ကြိုတင်မဲဆွယ်လိုက်ခြင်းလည်းဖြစ်သည်။
ထိုယာယီသက်သေခံလက်မှတ်(ဝှိုက်ကဒ်)ကိုင်ဆောင်သူများသည်
၁။ ၂၀၀၈ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရရှိခဲ့ကြသည်။ မဲပေးခဲ့ကြသည်။
ထိုသို့ မဲပေးခွင့်ရရှိခဲ့ခြင်းမှာ (၂၆-၂-၂၀၀၈) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အေးချမ်းသာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၁/၂၀၀၈) [၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ ၁၁ (က) အရ] ဖြစ်ပါသည်။
၂။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ (က)၊ ပုဒ်မ ၅ (ဃ)နှင့် ပုဒ်မ ၁၀ (က)တွင် ပြဋ္ဌာန်းထား ချက်များ
၃။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် လည်း မဲပေးခွင့်ရရှိခဲ့ကြပါသည်။ မဲပေးခဲ့ကြသည်။ ထိုသို့ မဲပေးခွင့်ရရှိခဲ့ခြင်းမှာ ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၃၉၁ (က) အရ ဖြစ်ပါသည်။
၄။ ထို့အပြင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတိုင်းရဲ့ ပုဒ်မ ၆ အရလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိပါသည်။
[ပုဒ်မ ၆ -“အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများသည် အမျိုးသား၊ အမျိုးသမီးမရွေး၊ ဘာသာမရွေး၊ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသည် ]
[(က) ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈နှစ်ပြည့်ပြီး ဤဥပဒေပါပြဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ]
၅။ ၂၀၁၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့၌ ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း မဲပေးခွင့်ရရှိခဲ့သူများ ဖြစ် ပါသည်။ မဲပေးခဲ့ကြသည်။
အထက်ပါအချက်များအရကြည့်လျှင် ၂၀၀၈ အခြေခံဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံခြင်းဥပဒေ၊ တည်ဆဲလွှတ်တော်အသီးသီးရဲ့ ရွေးကောက်ပွဲဥပဒေများအရ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကဒ်) ကိုင်ဆောင်ထားသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပြီး၊ ထိုဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ ဆန္ဒမဲပေး ခဲ့ကြပြီးသူများဖြစ်သည်မှာ အထင်အရှားပင်ဖြစ်သည်။
(၂၅-၁၂-၂၀၁၄) ကြေးမုံသတင်းစာ၌ “ဝှိုက်ကဒ်ကိစ္စ” ရှင်းလင်းပြောကြားရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေမှာလို့ဆိုရာမှာ နိုင်ငံသား တစ်မျိုးတည်းသာမကဘဲ၊ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်းကိုပါ ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။ ဒါကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်မျိုး ရှိနေတယ်ဆိုတာ ဂရုပြုရမှာဖြစ်ပါတယ်”လို့ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့အပြင် “နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ”များ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပါဝင်ပြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်သည့် ဥပဒေကြမ်းအားအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ အခန်း ၅၊ ပုဒ်မ ၁၁ (က)တွင် ထည့်သွင်းထားပါသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။
ယင်းသို့ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအရ အတည်ပြုခဲ့၊ ရွေးကောက်ပွဲများတွင်လည်း လက်တွေ့ကျင့်သုံး၍ ဆန္ဒမဲပေးခဲ့ကြသော သက်သေသာဓကများ အခိုင်အမာရှိနေသည်ကိုပင် ဗြောင်မျက်ကွယ်ပြု၍၊ ပြောင်းပြန် လှန်၍ “ဥပဒေအရ မဲဆန္ဒပေးခွင့်ရှိသူဆိုရာတွင် နိုင်ငံသားအရည်အချင်းရှိသူများကိုသာ ရည်ရွယ်ပါကြောင်း”၊ “ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများ အဖြစ် ပြဋ္ဌာန်းထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း” ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံးက အဆုံးအဖြတ်ပေးသည်ကို ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(၁၄)ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းက ဖတ်ကြားပြခဲ့သည်။
သို့ဖြင့် ဖေဖေါ်ဝါရီ ၃ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဖေဖေါ်ဝါရီ ၁၁ရက်နေ့တွင် သမ္မတလက်မှတ်ဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၅) ထုတ်ပြန်ကာ ယာယီသက်သေခံ လက်မှတ်(ဝှိုက်ကဒ်)ရုတ်သိမ်းမည့်ရက် ကြေညာခဲ့ သည်။ ဖေဖေါ်ဝါရီ ၁၆ရက်နေ့တွင် “ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများအဖြစ် ပြဋ္ဌာန်းထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိ ကြောင်း” ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အဆုံးအဖြတ်ပေးခဲ့သည်။
ဤလုပ်ရပ်သည် မိမိတို့ စိတ်ကြိုက်အတည်ပြုခဲ့သော၊ ကျင့်သုံးခဲ့သော တည်ဆဲဥပဒေများကိုပင် လေးစား လိုက်နာမှု အလျဉ်းမရှိဘဲ ဗြောင်ချိုးဖောက်သည့် လုပ်ရပ်ပင်ဖြစ်ပါသည်။ တည်ဆဲဥပဒေဆိုသည်မှာ အုပ်စိုးသူအစိုးရနှင့်လွှတ်တော်အလိုကျ လိုအပ်လျှင် လိုအပ်သလို အသုံးချရန်နှင့် မလိုအပ်လျှင် ပယ်ဖျက်ပစ်သည်ကို အတိအလင်းထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆိုသည်မှာလည်း အစိုးရနှင့်လွှတ်တော်အလိုကျ အဓိပ္ပါယ်ဖွင့်ဆိုပေးရသည့် အဆုံးအဖြတ်ပေးရသည့် ရုပ်သေးခုံရုံးသာဖြစ်သည် ဆိုသည့်အချက်မှာလည်း ထင်ရှားပေါ်လွင်နေပါသည်။
ယာယီသက်သေခံလက်မှတ် (ဝှိုက်ကဒ်)ကိုင်ဆောင်ထားသူများဆန္ဒမဲပေးခြင်းသည် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ” အခြေခံဥပဒေခုံရုံးက ယခုမှကောက်ခါငင်ကာ အဘယ့်ကြောင့် အဆုံးအဖြတ်ပေး ခြင်းဖြစ်သနည်း။ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကဒ်)များကို သမ္မတ၏အမိန့်ဖြင့် ရုပ်သိမ်းခြင်းသည် တရားမျှတမှုရှိပါသလော။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေမှာလို့ဆိုရာမှာ နိုင်ငံသားတစ်မျိုးတည်းသာမကဘဲ၊ ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း/ ဒါကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်မျိုးရှိနေ တယ်”ဟူ၍ အတိအလင်း ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ အဆုံးအဖြတ်ကို မည်သို့ပြောဆိုမည်နည်း။
တည်ဆဲဥပဒေတစ်ရပ်ရပ်ကို လိုလျှင်တမျိုး ကျင့်သုံးခြင်းဖြစ်ပြီး၊ မလိုလျှင် “ဥပဒေက မည်သို့ပင်ဆိုထားစေကာ မူ” ဥပဒေအား မျက်ကွယ်ပြုခြင်း၊ လိုသလိုဆွဲယူအသုံးချခြင်းတို့သည် ဥပဒေအား လက်တစ်လုံးခြား လုပ်ခြင်း ဖြစ်သည်။ ဥပဒေ ချိုးဖောက်ခြင်းပင်ဖြစ်သည်။
(၁၉၄၇) အခြေခံဥပဒေကို ဖျက်ဆီးခဲ့သူ၊ (၁၉၉၀ ရွေးကောက်ပွဲရလဒ်) ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့ကြသူ၊ ၂၀၀၈ အခြေခံ ဥပဒေကို စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မအတည်ပြုခဲ့သူများသည် သူတို့စိတ်ကြိုက်ပြဋ္ဌာန်းသည့် ဥပဒေများကိုပင်လျှင် သူတို့ မထင်လျှင်မထင်သလို ချိုးဖောက်ကြသူများဖြစ်သည်ဟူ၍သာ မှတ်ချက်ချရပါလိမ့်မည်။ ယင်းသို့ ဥပဒေချိုးဖောက်သူများက “တရားဥပဒေ” စကားပြောနေကြသည်မှာ စက်ဆုတ်ရွံရှာဖွယ် ကောင်းလှပါသည်။
ရည်ညွန်း
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
- (၄-၂-၂၀၁၅) ကြေးမုံသတင်းစာ၊ စာမျက်နှာ (၅) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေမူကြမ်းအတည်ပြု
- (၁၁-၂-၂၀၁၅) နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၅) ယာယီသက်သေခံလက်မှတ်သက်တမ်းသတ်မှတ် ခြင်းနှင့် သက်တမ်းကုန်ဆုံးသည့်လက်မှတ်များ အပ်နှံရေးအစီအစဉ် ထုတ်ပြန်ကြေညာခြင်း
- (၁၇-၂-၂၀၁၅) ကြေးမုံသတင်းစာ၊ နှာ ၅ ဝှိုက်ကဒ်ကိစ္စ ခုံရုံးဆုံးဖြတ်ချက်
- (၁၈-၂-၂၀၁၅) ကြေးမုံသတင်းစာ၊ စာမျက်နှာ (၈) နိုင်ငံသားဖြစ်မှု၊ ပြုမှုကိစ္စတွေ တော်တော်ရှင်းသွားမယ်
- (၂၅-၁၂-၂၀၁၄) ကြေးမုံသတင်းစာ၊ စာမျက်နှာ ၉ ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နှင့်တွေ့ဆုံမေးမြန်းခြင်း