စစ်ပွဲတွင် ထိခိုက်သေဆုံးသူ အများစုသည် ကိုးကန့်လူမျိုးများဖြစ်၍ ဒေသခံများနစ်နာစေရန် ကိုးကန့်တပ်မတော်လုပ်မည်မဟုတ်ဟု UNFC ထုတ်ပြန်

စစ်ပွဲတွင် ထိခိုက်သေဆုံးသူ အများစုသည် ကိုးကန့်လူမျိုးများဖြစ်၍ ဒေသခံများနစ်နာစေရန် ကိုးကန့်တပ်မတော်လုပ်မည်မဟုတ်ဟု UNFC ထုတ်ပြန်
by -
မဇ္စျိမ

အစိုးရတပ်မတော်နှင့် ကိုးကန့်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (MNDAA) တို့ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသူ အပြစ်မဲ့ပြည်သူအများစုသည် ဒေသခံကိုးကန့်လူမျိုး အများစုဖြစ်သဖြင့် ယင်းလုပ်ရပ်ကို ကိုးကန့် တပ်မတော်က (MNDAA)က ပြုလုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဖေဖော်ဝါရီလ ၂၁ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတွင်းဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခသည် နိုင်ငံရေးအပေါ် အခြေခံသော ပြဿနာဖြစ်ခြင်းကြောင့် နိုင်ငံရေးအရ ဖြေရှင်းရေးကို ဦးစားပေးဆောင်ရွက်သင့်ပြီး  စစ်ရေးဖြင့် ဦးစားပေးဖြေရှင်းပါက ပြေလည်မှုမရနိုင်သည်ကို သက်ဆိုင်သူအားလုံး ကောင်စွာသိရှိနားလည်ကြ ပြီး ဖြစ်သည်ဟု ကြေညာချက်တွေ ဖော်ပြပါရှိသည်။

တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ခွန်းဇော်က “ဒီစစ်ပွဲတွေက နိုင်ငံရေးပြဿနာကို အခြေခံပြီးဖြစ်လာတာ။ အဲ့ဒါကြောင့်နိုင်ငံရေးအရပဲ ဖြေရှင်းလို့ရမယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ကတည်းက တိုက်ခိုက်လာတာ ဘယ်မှာပြေလည်မှု ရရှိခဲ့လို့လဲ။ အဲ့ဒီတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာတဲ့ နည်းနဲ့ပဲ ဖြေရှင်းလို့ရမယ်”ဟုပြောသည်။

ကိုးကန့်တပ်မတော်သည် UNFC အဖွဲ့ဝင်ဖြစ်သော်လည်း အစိုးရက အသိအမှတ်ပြု၍ အပစ်ရပ်စဲရေးအတွက် လက်ခံတွေ့ဆုံဆွေးနွေးခြင်း မရှိခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့အနက် ၁၆ဖွဲ့ကိုသာ အစိုးရက အသိအမှတ်ပြုလက်ခံသည်ဟု ၎င်းကဆိုသည်။

UNFC၏ ထုတ်ပြန်ကြေညာချက်တွင် ကိုးကန့်တပ်မတော်ကို အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနည်းတူ အသိအမှတ်ပြု၍ လက်နက်ကိုင်ပဋိပက္ခများကို အမြန်ရပ်တန့်ကာ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲမှသည် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးကို အမြန်ဖော်ဆောင်ရန်  ဦးစားပေး ကြိုးပမ်းသင့်ကြောင်း အကြံပြုတိုက်တွန်း ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ရရှိသော တိုက်ပွဲသတင်းအချက်အလက်များအရ ဖေဖော်ဝါရီ ၁၉ရက် ညပိုင်းက တပ်မတော် စစ်ကြောင်းများသည် လောက်ကိုင်မြို့ ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ လက်နက်ငယ် ၃ လက်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး  ဖေဖော်ဝါရီလ ၂၀ရက်တွင် နှစ်ဘက်စစ်တပ် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

စစ်ပွဲများကြောင့်  စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော်သည် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက် တွင် ကိုယ်ထူကိုယ်ထ ယာယီတဲဆောက်ကာ နေထိုင်နေရပြီး လားရှိုးမှတစ်ဆင့် မန္တလေး ထိုမှတစ်ဆင့် နေရပ်အသီးသီးသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ဒုက္ခသည် ထောင်ချီရှိနေပြီ ဖြစ် သည်။ ဖေဖော်ဝါရီလ ၁၇ရက်ကလည်း လောက်ကိုင်ဒေသမှ စစ်ရှောင်ဒုက္ခသည်များ တင်ဆောင်လာသည့် ယာဉ်တန်းမှ ကြက်ခြေနီအလံလွှင့်တင်ထားသည့် ယာဉ်တစ်စီး တိုက်ခိုက်ခံခဲ့ရပြီး စေတနာ့ဝန်ထမ်း ကြက်ခြေနီ နှစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။

လောက်ကိုင်ဒေသအတွင်းတွင် ဦးဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် အစိုးရတပ်မတော်ကြား ဖေဖော်ဝါရီ ၉ရက်က စတင်ကာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

MNDAA ခေါ် ကိုးကန့်တပ်မတော်သည် ၁၉၈၉ခုနှစ်က မြန်မာအစိုးရ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၂ဝဝ၉ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရစစ်တပ်က မူးယစ်ဆေးဝါးထုတ်လုပ်နေမှုကို ဝင်ရောက်ရှာဖွေခဲ့ရာမှ တိုက်ခိုက်ခဲ့သဖြင့် ဦးဖုန်ကြားရှင်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခု ဖေဖော်ဝါရီလအတွင်းတွင် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။