ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော် နေစရာခက်ခဲနေဟု လောက်ကိုင် အမတ်ပြော

ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည် လေးသောင်းကျော် နေစရာခက်ခဲနေဟု လောက်ကိုင် အမတ်ပြော
by -
မဇ္စျိမ

ကိုးကန့်ဒေသအတွင်း ဖေဖော်ဝါရီ ၉ရက်ကစပြီး အစိုးရစစ်တပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ် တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြရသည့် ဒုက္ခသည်ဦးရေ လေးသောင်း ကျော်မှာ တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျှောက်တွင် ကိုယ်ထူကိုယ်ထ ယာယီတဲများထိုးကာ နေကြရသည်ဟု လောက်ကိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်နီနိုင်က မဇ္ဈိမကို ပြောသည်။

လူဦးရေစုစုပေါင်း တစ်သိန်းလေးသောင်းကျော်နေထိုင်သည့် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည်များအနက် လူဦးရေလေးသောင်းကျော်မှာ တရုတ်- မြန်မာ နယ်စပ်မျဉ်း တစ်လျှောက်တွင် ယာယီတဲထိုးပြီး နေထိုင်နေကြရခြင်းဖြစ်သည်။

ဦးကျော်နီနိုင်က ''တကယ့်ကို အဆင်မပြေတဲ့သူတွေကျတော့ နယ်စပ်မျဉ်းတစ်လျှောက်လုံးမှာ နေရတယ်။ အားလုံးပေါင်း လိုက်လို့ရှိရင်တော့ လေးသောင်း ကျော်ကျော်လောက်ရှိတယ်။ နယ်စပ်မျဉ်းအပေါ် ခွပြီးတော့ တဲတောင်မှ ဖြစ်သလို ထိုးပြီးနေကြရတယ်။ အဲ့ဒါ စိတ်မကောင်းဘူး'' ဟု ပြောသည်။

ယာယီတဲထိုးပြီး နေထိုင်နေကြရသည့် အဆိုပါ ဒုက္ခသည် လေးသောင်းကျော်မှာ ကိုးကန့်ဒေသခံများ အပါအဝင် ကိုးကန့်ဒေသတွင် ကြံခုတ်သည့်အလုပ်ကို သွားရောက်လုပ်ကိုင်နေသည့် ဗမာလူမျိုးများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

''ကျွန်တော်တို့လည်း လမ်းကြောင်းတောင်းထားတယ်။ အခြေအနေကောင်းတာနဲ့ ကျွန်တော်တို့သွားဖို့ အသင့်ရှိတယ်'' ဟု ဦးကျော်နီနိုင်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီး ရက်သတ္တပတ်ကျော်အကြာတွင် ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ရန် သမ္မတအမိန့်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ဖေဖော်ဝါရီ ၁၇ရက်တွင် အာဏာလွှဲပြောင်း ပေးထားပြီး ဖြစ်သည်။

နေပြည်တော်ရှိ တပ်မတော်သတင်း ထုတ်ပြန်ရေးအဖွဲ့မှ အရာရှိတစ်ဦးက ''လောလောဆယ်တော့ လောက်ကိုင်ကို သူတို့အဝေးကနေ လာလာပစ်နေတာတော့ ရှိတယ်။ မနေ့ကအထိတော့ လောက်ကိုင်ကို လာပစ်တယ်။ ပြီးတော့ လမ်းကြောင်းတွေမှာ ဖြတ်ဖြတ်ပြီးတော့ ချုံခိုတာမျိုးလည်းရှိတယ်'' ဟု ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက ပြောသည်။

ထိုဒေသတွင် တရားဥပဒေစိုးမိုးမှုရှိရန် တပ်မတော်က လောက်ကိုင်မြို့အတွင်း ကင်းလှည့်ပြီး ပုံမှန်စစ်ဆေး နေသည်ဟုလည်း ၎င်းက ဆိုသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ကိုးကန့်ဒေသအတွင်း ပြစ်မှုကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးပြီး သေဒဏ် အထိ အမိန့်ချမှတ်မည့် စစ်အုပ်ချုပ်ရေးအမိန့်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လက်မှတ်ရေးထိုးကာ ဗိုလ်မှူးကြီး စောမြင့်ဦးကို ဖေဖော်ဝါရီ ၁၈ရက်တွင် တာဝန်ပေးအပ်ထားသည်။