တောင်ကြီးမြို့တွင်ကျောင်းသားများ ဒီမိုကရေစီ ပညာရေး သပိတ်အား ထောက်ခံဆန္ဒပြ

တောင်ကြီးမြို့တွင်ကျောင်းသားများ ဒီမိုကရေစီ ပညာရေး သပိတ်အား ထောက်ခံဆန္ဒပြ
by -
သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ရှေ့တွင် ဖေဖော်ဝါရီ ၁၈ရက်က သျှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ဒီမိုကရေစီပညာရေးသပိတ်အား ထောက်ခံ ဆန္ဒပြခဲ့ကြပါသည်။

တောင်ကြီးတက္ကသိုလ်မှ စတုတ္ထနှစ်ဓါတုဗေဒ ကျောင်းသား /သျှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ကိုဝင်းနိုင်ဦးက "တစ်နိုင်ငံလုံးဆိုင်ရာ ပင်မသပိတ်စစ်ကျောင်းကို ထောက်ခံတဲ့ အကြောင်းရယ်၊ လေးပွင့်ဆိုင် ဆွေးနွေးရေး ဥပဒေမူကြမ်းကို အမြန်ဆုံး အကောင်အထည်ဆောင် ရွက်ရေးအတွက် ဒီသပိတ်ကိုစတင်တာပါ။ ကျောင်းသားတွေ အားလုံးဟာ တစ်သွေးတည်း တစ်သားတည်းရှိတယ် ဘယ်ဒေသ ဘယ်ခရိုင်မှာမဆို လှုပ်ရှားမှု အသီးသီး ရှိနေကြတယ်ဆိုတာ သိစေချင်ပါတယ် " ဟု ပြောသည်။

Student Protest

သပိတ်မှောက်ကျောင်းသားများ တောင်ကြီးတက္ကသိုလ်ကျောင်းရှေ့တွင် ဆန္ဒပြရာတွင် ဆရာ/ဆရာမ များမှ ကျောင်းဝန်း တံခါးပိတ်လိုက်ပြီး ကျောင်းထဲရှိ ကျောင်းသားများအား ကျောင်းပြင်သို့ ထွက်ခွင့်မပေးတော့ကြောင်း သိရှိရသည်။

ယင်းလုပ်ရပ်နှင့် ပတ်သက်၍ သပိတ်မှောက်ကျောင်းသားများမှ "ကျောင်းဝန်းထဲမှရှိနေတဲ့ ကျောင်းသားတွေဟာ ကိုယ့်ကျောင်းနဲ့ကိုယ် ထောင်ထဲရောက်နေသလိုဖြစ်နေကြတယ်။ သမ္မတကြီးကအစ ဆရာ/ဆရာမတွေ အားလုံးဟာ ကျနော်တို့ မိဘပြည်သူလူထုက ပေးတဲ့လစာနဲ့ ထမင်းစားနေကြရတာပါ ဒီလိုတံခါးပိတ်ထားတယ်ဆိုတာ မသင့်တော်ပါဘူး။ တံခါးဖွင့်ပေးကြပါ ဆရာ/ဆရာမတွေအားလုံးကို ကျတော်တို့တွေဟာ ကျောင်းသားကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့ပတ်သက်ပြီး နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါလို့ အသိပေးချင်ပါတယ်" ဟု ပြောဆိုကြသည်။

သပိတ်မှောက်ကျောင်းသားများသည် ဒီမိုကရေစီပညာရေး သပိတ်စစ်ကျောင်းများအား ထောက်ခံပါ သည်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး၊ လေးပွင့်ဆိုင်သဘောတူညီချက် အမြန်အတည်ပြုပေး၊ စသည့် ဗီနိုင်းများကိုင်ဆောင်ကာ တောင်ကြီးတက္ကသိုလ်ကျောင်းရှေ့မှ စတင်၍ စူဠာမုနိ လောကချမ်းသာဘုရားတွင် သစ္စာအဓိဌာန်ပြုပြီး ဗိုလ်ချုပ်ကြေးရုပ်အထိ ချီတက်ဆန္ဒပြ ခဲ့ကြရာ ပြည်သူလူထုအချို့က ချီတက်ရာ လမ်းတစ်လျှောက် ၀န်းရံလိုက်ပါခဲ့သည်။

ဆန္ဒပြကျောင်းသားများသည် တောင်ကြီးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင် မှ ကျောင်းသားများဖြစ်ကြပြီး နိုင်ငံတော်သမ္မတ အနေနှင့်ကျောင်းသားများ တောင်းဆိုထားသော အချက်(၁၁)ချက်အား လက်မှတ်ထိုး အတည်ပြု၍ စတင်အကျုံးဝင်မှသာလျှင် သပိတ်လှုပ်ရှားခြင်းအား ရပ်တန့်မည်ဖြစ်ကြောင်း သိရပါသည်။

Most read this week