သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အစိုးရတပ်မတော် လက်ရှိထိန်းချုပ်ထား သည့် လောက်ကိုင် မြို့နယ်တွင် စစ်ဘေးရှောင်ရန် နေအိမ်မှထွက်ခွါသည့် ဒေသခံတရာကျော် ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
သျှမ်းပြည်နယ်အစိုးရ မှ ကိုးကန့်ဒေသအား အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာသည့်နောက် ပိုင်း ဖေဖေါ်ဝါရီ ၁၅နှင့် ၁၆ရက်အတွင်း စစ်ဘေးရှောင်ရန် နေအိမ်မှ ထွက်ခွါသည့် ဒေသခံ အသက် ၁၀နှစ်မှ အသက် ၈၀ကျော်ကြားက ကျားမ မရွေး လူတရာကျော် သတ်ဖြတ်ခံနေရသည်ဟု ဒေသခံများက ပြောသည်။
“တရုတ်ပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ သွားတဲ့သူလည်း သတ်ခံရတယ်။ အိမ်ထဲပုန်းနေရင်လည်း တံခါးခေါက်ပြီး ရိုက်နှက်စစ်ဆေးတယ်။ တခြားဒေသကို စစ်ဘေးရှောင်ဖို့၊ အသုံးအဆောင် ပစ္စည်းလာယူတဲ့သူတွေလဲ အများကြီး သတ်ခံရတယ်။ ကျနော့် အစ်မဆို သူ့သားနဲ့ အသတ်ခံရတယ်။ သူသားက ၁၁နှစ်ဘဲရှိသေးတယ်။ ဗမာတပ်တွေဘဲသတ်တာ၊ အိမ်ကနေအထွက် လမ်းထိပ်နားမှာဘဲ ပစ်သတ်လိုက်တာ” ဟု အထည်ဆိုင်ပိုင်ရှင် အားကွမ်း က ပြောသည်။
လောက်ကိုင်ဒေသတွင်း ပြည်သူများ အသက်ဆုံးရှံုးနေရခြင်းနှင့် ပတ်သက်၍ MNDAA ကိုးကန့် တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ထွန်းမြတ်လင်းက “ချင်းရွှေဟော်ကနေ လောက်ကိုင်အထိ အစိုးရတပ်ပြည့်နေ တာဘဲ၊ သူတို့ဘဲ ထိန်းချုပ်ထားတာ။ လောက်ကိုင်မှာလဲ ဒကစ ရှိတယ်။ ကျနော်တို့တပ်က တကယ့်တောင်ပေါ် မှာဘဲ။ မြို့နားတောင် ကပ်လို့မရဘူး။ အဲဒီတပ်တွေကဘဲ အကြောင်းမရှိ အကြောင်းရှာ တွေ့တဲ့သူတိုင်းကို ပစ်သတ်နေတာ။ အခု တရာကျော်နေပြီ။ ကြက်ခြေနီအဖွဲ့ တိုက်ခိုက်ခံရတယ် ဆိုတာကလဲ တကယ့် အဖြစ်အပျက်လား။ စဉ်းစားစရာဘဲ။ လူထုသတ်ဖြတ်ခံရတာ ကျနော်တို့ တော်တော်စိုးရိမ်မိတယ်။ လူမျိုးရေးအသွင်ဖန်တီးလာမှာကို စိုးရိမ်တယ်” ဟု ပြောသည်။
ကိုးကန့်အရေးအခင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကလည်း ဖေဖေါ်ဝါရီ ၁၇ရက်နေ့မှစ၍ ကိုးကန့်ဒေသအား စစ်အုပ်ချုပ်ရေးဖြင့် သုံးလကြာ အုပ်ချုပ်သွားမည်ဟု ထုတ်ပြန်ကြေငြာထားပါသည်။
ကိုးကန့်အရေးအခင်းနှင့်ပတ်သက်၍ ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက “ဖုန်ကြားရှင်ဟာ ၁၉၆၉ခုနှစ်မှ ၂၀၀၉ခုနှစ်အထိ ကိုးကန့် (အထူးဒေသ-၁)မှာ ကြီးစိုးလာတဲ့ပုဂ္ဂိုလ်။ ဒါ့ကြောင့် နိုင်ငံတော် သမ္မတကော၊ ကာကွယ်ရေး ဦးစီးချုပ်ကော တွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်းပေးပြီး ဖုန်ကြားရှင်းနဲ့ အဖွဲ့ကို နေရာပေးသင့်တယ်။ ပယ်ဆောက်ချိန်နဲ့လည်း အဆင်ပြေအောင် ကြားဝင်ညှိနှိုင်းပေးသင့်တယ်။ တပ်မတော်ခေါင်းဆောင်အနေနဲ့ ငြိမ်းချမ်းရေးကို ရဲရဲရင့်ရင့် လုပ်ဆောင်သွားမှသာ စစ်မီး ဆက်မကူးမှာ” ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့သည် အစိုးရပြောသည့် တိုင်းရင်းသား ၁၃၅မျိုးတွင် ပါဝင်ကြောင်း၊ မည်သောအခါမှ ခွဲထွက်ဖို့လည်း မစဉ်းစားကြောင်း၊ တရုတ်ထံမှ အထောက်အပံ့ရသည် ဆိုသည့်ကိစ္စလည်း မဟုတ်မှန်ကြောင်း၊ ၁၉၈၉ခုနှစ်က ဖုန်ကြားရှင်နှင့် မြန်မာအစိုးရ ရယူထားသည့် ငြိမ်းချမ်းရေးကတိကဝတ် ပြန်လည်ရ ယူလိုကြောင်း၊ တခြားတိုင်းရင်းသား များနှင့်အတူ စစ်မှန်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးသာ အလိုရှိကြောင်း ကိုးကန့်တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ထွန်းမြတ်လင်းက ပြောသည်။