တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားရာ သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွါးသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ အခက်အခဲများ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။
ကွတ်ခိုင်မြို့ နမ့်ခမ်းမြို့ စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိနေသူတချို့မှာ စားဝတ်နေရေးအခက်အခဲကြောင့် တရုတ်ပြည်သို့ သွားရောက်အလုပ် လုပ်ကြရကြောင်း TNLA နိုင်ငံခြားရေးဌာနမှူး တာပန်းလက ပြောသည်။
“စစ်ဘေးရှောင်စခန်းကိုမရောက်ဘဲနဲ့ တောထဲမှာဘဲ ရွာပုန်းရွာရှောင်ဘဝနဲ့ နေနေရတဲ့ လူထု သောင်းဂဏန်း ရှိနေပါတယ်။ နမ့်ခမ်းမြို့ ကွတ်ခိုင်မြို့ စစ်ဘေးရှောင်စခန်းတွေမှာ သွားပြီးခိုလှုံနေကြတာတွေလည်း အများအပြား ရှိကြပါတယ်။ အဲဒီမှာလည်း အနေအထိုင် အစားအသောက် လုံလုံလောက်လောက်မရှိလို့ တရုတ်ပြည်တွေမှာ သွားပြီး အလုပ် လုပ်နေကြရတယ်လို့ ကြားသိရပါတယ်။”
ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၅ရက်နေ့အထိ မိုးမိတ်နှင့် မိုးကုတ်မြို့ကြား၊ မိုးကုတ်နှင့် ရမိုင်ခန့်အကွာရှိ ပန်ထီလာရွာ၊ ရွှေညောင်ပင်ရွာ၊ ဝင်္ကဘာတောင်တို့တွင် ဘိန်းခင်းဖျက်ဆီးရန် ကွင်းဆင်းသော တအာန်းတပ်မတော်နှင့် မိုးမိတ်အခြေစိုက် ခလရ ၂၂၃တို့ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွါးခဲ့သည်။
တိုက်ပွဲတွင် အစိုးရဘက်က ဟယ်လီကော်ပတာ၊ ဂျက်လေယာဉ် တိုက်လေယာဉ်များဖြင့် တအာန်းတပ် မတော်၏ တပ်စခန်းရှိရာသို့ လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။ လက်ရှိတွင် အစိုးရစစ်တပ် အင်အား၆၀၀ခန့်သည် အဆိုပါဒေသတွင် တပ်ချထားသည်ကိုတွေ့ရကြောင်း တာပန်းလကပြောသည်။
“အစိုးရဘက်ကရော အစိုးရအဖွဲ့ဘက်ကရော တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဖြစ်စေချင်တယ်လို့ ကျနော်တို့ ခဏခဏကြားရပါတယ်။ သို့ပေမယ့် အစိုးရရဲ့ လောလောဆယ်လုပ်ဆောင်နေမှုက အဲဒီနိုင်ငံရေး ပြသာနာကို စစ်ရေးအရ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ကျနော်တို့တွေ့မြင်ရ တယ်။ နောက်တခုကလည်း အခုလုပ်ဆောင်နေမှုတွေဟာ အရင်တုန်းက နဝတ၊ နအဖ အစိုးရလုပ်ဆောင်နေတဲ့ အတိုင်းပဲ ရှိနေသေးတယ်လို့ အဲလိုမြင်ပါတယ်။”
NCCT အဖွဲ့ဝင် TNLA တအာန်းတပ်မတော်သည် ၂၀၁၃ခုနှစ်ကတည်းက အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တရားဝင် တစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်ရေးလက်မှတ်ရေးထိုးခဲ့ခြင်း မရှိခဲ့ပေ။